အိပ်ဆေးများ အလွန်အကျွံ သုံးစွဲမိသည်ဟုဆိုကာ သရုပ်ဆောင်ရဲတိုက် ရန်ကုန်ဆေးရုံသို့ ရောက်ရှိပြီး ဆေးကုသမှုခံယူနေရ

အိပ်ဆေးများ အလွန်အကျွံ သုံးစွဲမိသည်ဟုဆိုကာ သရုပ်ဆောင်ရဲတိုက် ရန်ကုန်ဆေးရုံသို့ ရောက်ရှိပြီး ဆေးကုသမှုခံယူနေရ
Published 23 January 2018

သရုပ်ဆောင်ရဲတိုက်မှာ အိပ်ဆေးများ အလွန်အကျွံသုံးစွဲမိသည် ဟုဆိုကာ ရန်ကုန်ဆေးရုံကြီးသို့ ဇန်နဝါရီ ၂၂ ရက်၊ ညနေပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။

၎င်းမှာ ဇန်နဝါရီ ၂၂ရက်  ညနေ ၆ နာရီကျော်ခန့်တွင် အိပ်ဆေးများ အလွန်အကျွံ သောက်သုံးမိသဖြင့် ရန်ကုန်အထွေထွေရောဂါကုဆေးရုံ သစ်ကြီးသို့ တင်ပို့ကုသခဲ့ရကြောင်း သိရသည်။

သရုပ်ဆောင်ရဲတိုက်မှာ ဒိုင်အာစီပင်ဆေးပြား အများအပြားကို အလွန်အကျွံ သောက်သုံးမိကာ ဆေးရုံသို့ တင်ပို့ခဲ့ရခြင်း ဖြစ်သည်ဟု ကနဦး သတင်းရရှိထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“သရုပ်ဆောင်ရဲတိုက် ဆေးရုံကို ညနေပိုင်းက ရောက်တာကို မြင်လိုက်ရတယ်” ဟု ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီးမှ လုံခြုံရေးဝန်ထမ်း တစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် သရုပ်ဆောင်ရဲတိုက်အား ဆေးရုံရှိ ကြပ်မတ်ဆောင်တွင်ထားကာ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

သရုပ်ဆောင် ရဲတိုက်သည် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လအတွင်းက ဆေးခြောက်တစ်ကျပ်သားခန့် လက်ဝယ်တွေ့ရှိမှုဖြင့် ကျောက်တံခါးမြို့နယ် တရားရုံး၌ တရားစွဲခံရပြီး၊ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ထောင်ဒဏ် ခြောက်နှစ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။ ယင်းပြစ်ဒဏ်အား အယူခံ ဝင်ခဲ့ရာ တစ်နှစ်လျှော့ပေါ့၍ ထောင်ဒဏ်ငါးနှစ် ချမှတ်ခံခဲ့ရသည်။

ထို့အပြင် သရုပ်ဆောင် ရဲတိုက်မှာ ခရစ်ယာဉ် ဘုရားကျောင်းဝင်းအတွင်း ဝင်ရောက်၍ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုဖြင့် ဗိုလ်တထောင်မြို့နယ် တရားရုံးမှ သာသနာညှိုးနွမ်းစေမှု ပုဒ်မဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ရာ၊ ဆေးခြောက်လက်ဝယ်တွေ့ရှိမှု၊ သာသနာညှိုးနွမ်းစေမှုပုဒ်မ နှစ်ခုတို့ဖြင့် စုစုပေါင်း ထောင်ဒဏ်ခြောက် နှစ်ချမှတ်ခံရပြီး တောင်ငူအကျဉ်းထောင်တွင် ပြစ်ဒဏ်ရကျခံနေရသော သရုပ်ဆောင် ရဲတိုက်မှာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက် နံနက် ၇ နာရီ ၃၅ မိနစ်ခန့်တွင် ထောင်မှပြန်လည် လွတ်မြောက်လာခဲ့ပြီး အနုပညာ လုပ်ငန်းများ ပြန်လည်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent