မြန်မာတစ်နိုင်ငံတည်းတွင်သာ ကျန်ရှိတော့သော မျိုးသုဉ်းလုနီး တောင်ငုံးရင်မဲငှက်အား ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေ

မြန်မာတစ်နိုင်ငံတည်းတွင်သာ ကျန်ရှိတော့သော မျိုးသုဉ်းလုနီး တောင်ငုံးရင်မဲငှက်အား ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေ
Published 23 January 2018

မျိုးသုဉ်းလုနီး တောင်ငုံးရင်မဲငှက် (ဓာတ်ပုံ-BANCA)

မြန်မာတစ်နိုင်ငံတည်းတွင်သာ ကျန်ရှိတော့သည့် တောင်ငုံးရင်မဲငှက်များအား ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေကြောင်း သိရသည်။

တောင်ငုံးရင်မဲငှက်များကို ယခင်က ကမ္ဘာပေါ်၌ ထိုင်းနိုင်ငံတွင် အဖိုအမ (၁၂ စုံ) အကောင်ရေ ၂၄ ကောင်သာ ကျန်ရှိတော့ကြောင်း သတ်မှတ်ထားခဲ့သော်လည်း ၂၀၀၃ ခုနှစ်တွင် မြန်မာနိုင်ငံ တနင်္သာရီဒေသ ငဝန်ကြိုးဝိုင်း အတွင်း၌ တောင်ငုံးရင်မဲငှက် ၄၂ ကောင်ကို ပြန်လည်တွေ့ရှိခဲ့ကြောင်းနှင့် ယခုအခါ မြန်မာတစ်နိုင်ငံ တည်းတွင်သာ တွေ့ရှိနိုင်တော့ကြောင်း BANCA အသင်းမှ ဒေါက်တာဒေါ်သီရိဒေဝီအောင်က ပြောကြားသည်။

“ဒီငှက်က ကမ္ဘာပေါ်မှာဆိုရင် ထိုင်းနဲ့ မြန်မာနိုင်ငံမှာပဲ ရှိတာလေ။ ဒါပေမဲ့ ၂၀၁၆ ခုနှစ်ကစပြီး ထိုင်းနိုင်ငံရဲ့သဘာဝတောထဲမှာ မရှိတော့ဘူး။ လုံးဝမျိုးသုဉ်း ပျောက်ကွယ်သွားပြီ။ ပြန်ပြီးမျိုးပွားဖို့ဆိုပြီး ထိန်းသိမ်းထားတဲ့ နှစ်ကောင်ပဲ ရှိတော့တယ်။ ဒီတော့တောင် ငုံးရင်မဲငှက်တွေ သဘာဝတောထဲမှာ ကျန်ရှိတာဆိုလို့ မြန်မာတစ်နိုင်ငံတည်းပဲ ရှိတော့တယ်။ မြန်မာနိုင်ငံရဲ့ သဘာဝတောထဲမှာပါ မရှိတော့ဘူးဆိုရင် ကမ္ဘာပေါ်ကနေ မျိုးသုဉ်းပျောက်ကွယ် သွားတော့မယ်။ ဒါကြောင့် အမြန်ဆုံး ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်နေပြီ” ဟု ဒေါက်တာဒေါ်သီရိဒေဝီအောင်က ပြောကြားသည်။

တောင်ငုံးရင်မဲငှက်သည် အရောင်အသွေးစုံလင်သော ငှက်မျိုးစိတ်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၆၇၀ ပေအောက်တွင် တည်ရှိသော မြေနိမ့်မြေပြန့်တောများနှင့် ဆင်ခြေလျော ၁၀ ဒီဂရီထက်နိမ့်သော နေရာများတွင်သာ နေထိုင်ကျက်စားပြီး ၎င်းတို့နေထိုင် ကျက်စားသော နေရာများ ပျက်စီးပျောက်ကွယ် သွားခြင်းကြောင့် မျိုးသုဉ်းလုနီးပါး ရှားပါးလာရခြင်း ဖြစ်ကြောင်း သိရသည်။

“တောင်ငုံးရင်မဲငှက်တွေက ဘာကြောင့် မျိုးသုဉ်းလုနီးအထိ ဖြစ်သွားရသလဲဆိုတော့ သူတို့နေတဲ့တောတွေ နေရာတွေ ပျက်စီးပျောက်ကွယ်ကုန်လို့ပဲ။ အဲဒီငှက်တွေက တခြားတိရစ္ဆာန်တွေလို တရားမဝင် ကူးသန်းရောင်းဝယ်တာ မရှိဘူး။ ပြီးတော့ အဲဒီငှက်တွေက သေးသေးလေးတွေဆိုတော့ သတ်ဖြတ်စားသောက်တာမျိုးလည်း သိပ်မရှိဘူး။ သူတို့က မြေနိမ့်မြေပြန့် တောတွေမှာပဲ နေတယ်။ မြေနိမ့်မြေပြန့် တောတွေက မြန်မာနိုင်ငံမှာဆိုရင် တနင်္သာရီတိုင်း မြိတ်မြို့တောင်ဘက်ပိုင်းနဲ့ ထိုင်း-မြန်မာနယ်စပ်မှာပဲ ရှိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း မြေနိမ့်မြေပြန့်တောတွေမှာ ဆီအုန်းစိုက်ခင်းတွေ၊ ရော်ဘာစိုက်ခင်းတွေကို အရမ်းတိုးချဲ့ပြီး စိုက်လာကြတော့ တောင်ငုံးရင်မဲငှက်တွေနေတဲ့ နေရာတွေပျက်စီး ပျောက်ကွယ်ကုန်တာပေါ့။ အဲဒီလိုနဲ့ သူတို့ နေစရာနေရာ တဖြည်းဖြည်း ကျဉ်းလာတော့ သူတို့လည်း နေစရာတွေ ပျောက်ကုန်ပြီး တဖြည်းဖြည်း နည်းနည်းသွားတာ” ဟု ဒေါက်တာဒေါ်သီရိဒေဝီအောင်က ဆက်လက်ပြောကြားသည်။

တောင်ငုံးရင်မဲငှက် (Gurney’s Pitta) သည် ငုံးငှက်အမျိုးအစားတွင် ပါဝင်ပြီး ငှက်အမျိုးအနွယ်များတွင် ငှက်လတ်အရွယ်အစား အုပ်စုတွင် ပါဝင်ကာ ပက်ကျိများ၊ အင်းဆက်ပိုးကောင်လေးများ၊ တီကောင်များကို အဓိက စားသုံးကြကြောင်း သိရသည်။ တောင်ငုံးရင်မဲငှက်ကို ဒေသခံများက တီတူးငှက်ဟုလည်း ခေါ်ဆိုကြကြောင်း သိရသည်။

ထို့ပြင် တောင်ငုံးရင်မဲငှက်များ နေထိုင်ကျက်စားရာ မြေနိမ့်မြေပြန့်တောများသည် ကမ္ဘာပေါ်တွင် ဇီဝမျိုးစုံမျိုးကွဲများ အပေါကြွယ်ဝဆုံး ဒေသများအနက် တစ်ခုဖြစ်ပြီး လွန်စွာရှားပါးသည့် မျိုးသုဉ်းလုနီးရှားပါး ငှက်မျိုးစိတ် ၄၇ မျိုး နေထိုင်ကျက်စားရာဒေသ တစ်ခုဖြစ်ကာ ကမ္ဘာပေါ်ရှိ ရှားပါးအပင်များ ပေါက်ရောက်ရာ ဒေသဖြစ်သောကြောင့် ထိုတောများကိုလည်း ထိန်းသိမ်းစောင့်ရှာက်ရန် လိုအပ်နေကြောင်း သိရသည်။

 

Most Read

Most Recent