ပခုက္ကူခရိုင် ယောချောင်းအတွင်း ကြက်သွန်စိုက်တောင်သူများ ပျိုးပင်ဝယ်ယူရ ခက်ခဲခြင်းနှင့် စိုက်ပျိုးစရိတ် အခက်အခဲများကြောင့် ကြက်သွန်ထပ်မံစိုက်ပျိုးသူ နည်းပါး

ပခုက္ကူခရိုင် ယောချောင်းအတွင်း ကြက်သွန်စိုက်တောင်သူများ ပျိုးပင်ဝယ်ယူရ ခက်ခဲခြင်းနှင့် စိုက်ပျိုးစရိတ် အခက်အခဲများကြောင့် ကြက်သွန်ထပ်မံစိုက်ပျိုးသူ နည်းပါး
Published 23 January 2018

ပေါက်မြို့နယ် ယောချောင်းတွင် ချောင်းရေနည်းပါး သွားပြီးနောက် စိုက်ပျိုးရန် ပြင်ဆင်နေသည့် တောင်သူများအား ပြီးခဲ့သည့်နှစ် အတွင်းက တွေ့ရစဉ်

ပခုက္ကူခရိုင် ယောချောင်းအတွင်း ယခုဇန်နဝါရီ လလယ်ပိုင်းတွင် ချောင်းရေပြန်နည်း သွားသော်လည်း ကြက်သွန်စိုက်တောင်သူများ ပျိုးပင်ဝယ်ယူရခက်ခဲခြင်းနှင့် စိုက်ပျိုးစရိတ် အခက်အခဲများကြောင့် ကြက်သွန်ထပ် မံစိုက်ပျိုးသူ နည်းပါးကြောင်း တောင်သူများထံမှ သိရသည်။

ပခုက္ကူခရိုင် ယောချောင်းအတွင်း ကြက်သွန်စိုက် တောင်သူများမှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကြက်သွန်စတင် စိုက်ပျိုးခဲ့သော်လည်း ယခု ၂၀၁၈ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ရွာသွန်းခဲ့သည့် မိုးကြောင့် တောင်ကျချောင်းရေ ကျဆင်းလာသည့်အတွက် ကြက်သွန်စိုက်ခင်းများ မျောပါပျက်စီးခဲ့ကြောင်း သိရသည်။

“စိုက်ခင်းမျောသွားတဲ့ သူတွေကတော့ အတော်များများ ပြန်မစိုက်နိုင်ဘူး။ ငွေကြေးရှာရရင်တောင် ပျိုးပင်ဝယ်မရဘူး။ တချို့က နောက်မိုးထပ်လာလို့ ချောင်းရေကျမှာလည်း စိုးပြီး မစိုက်ကြဘူ။ တချို့က လက်ရှိစိုက်စရိတ် ရှာမရလို့ကို မစိုက်တော့ဘူး။ စိုက်နိုင်တဲ့သူကလည်း ချောင်းထဲမစိုက်ရဲတော့ဘဲ ကုန်းယာပေါ်မှာပဲ စိုက်ကြတယ်။ ပျိုးပင်ဈေးကလည်း အတော်တက်သွားတယ်။ အရင်တစ်ပိဿာ ကျပ် ၃၀၀၀ လောက်ပေးရတာကနေ အခုတစ်ပိဿာ ကျပ်  ၅၀၀၀ လောက် ပေးရတယ်။ လိုချင်သလောက်လည်း ဝယ်မရဘူး” ဟုပေါက်မြို့နယ် လယ်လန်းကျေးရွာမှ ဦးမြင့်အောင်က ပြောကြားသည်။

ယခုနှစ်ဆန်းက အချိန်အခါမဟုတ် ရွာသွန်းခဲ့သည့်မိုးကြောင့် ယောချောင်းတွင် တောင်ကျရေ အများအပြား ကျဆင်းလာပြီး ပခုက္ကူမြို့နယ်တွင် ကြက်သွန်နီဧက ၄၀၀ ၊ ပေါက်မြို့နယ်တွင် ကြက်သွန်နီဧက ၆၄၀ နှင့် ဆိပ်ဖြူမြို့နယ်တွင် ၂၈၉ ဧက ချောင်းရေနှင့် အတူမျောပါပျက်စီးခဲ့ကြောင်း သိရသည်။

တောင်ကျချောင်းရေကြောင့် စိုက်ခင်း များ မျောပါပျက်စီးခဲ့သည့် တောင်သူများ မှာ စိုက်ပျိုးစရိတ်ဆုံးရှုံးခဲ့ပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ချေးယူထားသည့် ချေးငွေ ပြန်လည်ပေးဆပ်ရန် အခက်အခဲများ ကြုံ တွေ့နေကြောင်း သိရသည်။

ကြက်သွန်စိုက်တောင်သူများမှ ပျိုးပင်၊ မြေသြဇာဈေးနှင့် လုပ်သားစရိတ် ကြီးမြင့်မှုကြောင့် ၁၀ တောင်လည် စိုက်ခင်းတစ်ခုလျှင်  ကျပ်  ၁၂၀၀၀ မှ ကျပ် ၂၀၀၀၀ ထိကုန်ကျပြီး ချောင်းရေနှင့် မျောပါပျက်စီးခဲ့သည့် စိုက်ခင်း ပိုင်ရှင်အချို့မှာ ကျပ်သိန်း ၅၀ ခန့်ထိ ဆုံးရှုံးကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ကြက်သွန်ရောင်း ဝယ်ရေး ရာသီတွင် နယ်စုံဝယ်လက်များပြား ခြင်းကြောင့် ကြက်သွန်တစ်ပိဿာ ကျပ်  ၃၂၀၀ ထိ ဈေးနှုန်းမြင့်တက် လာသည့်အတွက် ယခုနှစ်တွင် ချောင်းအတွင်း ကြက်သွန်စိုက်ပျိုးသူ များပြားကြောင်း သိရသည်။

ယခုဇန်နဝါရီလလယ်ပိုင်းမှစ၍ ပခုက္ကူ ကြက်သွန်နီဈေးကွက်သို့ ကြက်သွန်ဝင်ရောက်မှု များပြားလာခြင်းနှင့် နယ်စုံမှ ကြက်သွန်နီသစ်များ ထွက်ပေါ်လာခြင်းတို့ကြောင့် ကြက်သွန်ဈေးနှုန်း သိသာစွာ လျော့ကျသွားကြောင်း ပခုက္ကူမြို့ သီးနှံရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။

ပခုက္ကူကြက်သွန်နီ ဈေးကွက်အတွင်း ယခုဇန်နဝါရီ ၂၂ ရက်တွင် ကြက်သွန်နီ ဂျွန်ကြီးတစ်ပိဿာ ကျပ် ၁၃၀၀ - ၁၄၀၀၊ ဂျွန် လတ်တစ်ပိဿာ ကျပ် ၁၀၀၀ - ၁၂၀၀ နှင့် ဂျွတ်သေး တစ်ပိဿာ ကျပ် ၅၀၀ - ၆၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

 

Most Read

Most Recent