ရွှေပြည်သာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းရှိ တစ်ခန်းလျှင် အနိမ့်ဆုံး ကျပ် ၁၀၉ သိန်းမှ အမြင့်ဆုံး ကျပ် ၁၇၄ သိန်းကြားတန်ဖိုးရှိ တိုက်ခန်းများကို လက်ငင်းငွေချေစနစ်ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တိုက်ရိုက်ရောင်းချမည်

ရွှေပြည်သာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းရှိ တစ်ခန်းလျှင် အနိမ့်ဆုံး ကျပ် ၁၀၉ သိန်းမှ အမြင့်ဆုံး ကျပ် ၁၇၄ သိန်းကြားတန်ဖိုးရှိ တိုက်ခန်းများကို လက်ငင်းငွေချေစနစ်ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တိုက်ရိုက်ရောင်းချမည်
Published 23 January 2018

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းရှိ တစ်ခန်းလျှင်  အနိမ့်ဆုံးကျပ် ၁၀၉ သိန်းမှ အမြင့်ဆုံး ကျပ် ၁၇၄ သိန်းကြားရှိ တိုက်ခန်းများကို လက်ငင်း ငွေချေစနစ်ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တိုက်ရိုက်ရောင်းချမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ဆောင်ရွက်သည့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် စက်မှုလမ်း နှင့် ပိတောက်လမ်းထောင့် ရွှေပြည်သာတန်ဖိုးနည်းအိမ်ရာစီမံကိန်းရှိ ရှစ်ခန်းတွဲ ခြောက်ထပ်တိုက် RC အဆောက်အအုံလေးလုံးမှ တစ်ခန်းလျှင် ၄၉၀ စတုရန်းပေရှိ အခန်းများ ကို ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

မြေညီထပ်ရှိအခန်းတစ်ခန်းလျှင် ကျပ် ၁၇၄ သိန်း၊ ပထမထပ်ရှိအခန်းတစ်ခန်းလျှင်  ကျပ် ၁၅၄ သိန်း၊ ဒုတိယထပ်ရှိအခန်းတစ် ခန်းလျှင် ကျပ် ၁၄၄ သိန်း၊ တတိယထပ်ရှိ အခန်းတစ်ခန်းလျှင် ကျပ် ၁၃၃ သိန်း၊ စတုတ္ထ ထပ်ရှိ အခန်းတစ်ခန်းလျှင် ကျပ် ၁၂၂ သိန်း၊  ပဉ္ဇမထပ်ရှိအခန်းတစ်ခန်းလျှင် ကျပ် ၁၀၉ သိန်းဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရောင်းချမည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် တန်ဖိုးမျှတအိမ်ရာများကို နှစ်ရှည်အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန်အတွက် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ မည်သည့် ဘဏ်ခွဲတွင်မဆို အိမ်ရာစုဆောင်းငွေစာရင်း  (Housing Savings Account) ကို ကျပ်ငွေ ၁၀,၀၀၀ နှင့်စတင်၍ဖွင့်လှစ်ပြီး မိမိဝယ်ယူလိုသော တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၃၀  ကိုပြည့်မီအောင် CHD ဘဏ်တွင် စုဆောင်းထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တန်ဖိုးနည်းအိမ်ရာများ ဝယ်ယူရန်အ တွက် တိုက်ခန်းတန်ဖိုး၏ ကနဦးပေးသွင်းငွေကို ယခင် ရာခိုင်နှုန်း ၃၀ မှ လက်ရှိအချိန်တွင် ရာခိုင်နှုန်း ၂၀ အထိ လျှော့ချပြီး ကျန်သည့် ရာခိုင်နှုန်း ၈၀ ကို နှစ်ရှည်ချေးငွေဖြင့် ရောင်း ချသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနမှ သိရသည်။

လစဉ်စုဆောင်းရမည့် ငွေပမာဏကို သတ်မှတ်ထားခြင်းမရှိဘဲ မိမိဝင်ငွေပေါ် မူတည်၍ လစဉ်ပုံမှန် စုဆောင်းရမည်ဖြစ်ကြောင်း၊ စုဆောင်းထားစဉ်တွင်လည်း မိမိစုဆောင်းငွေအပေါ် တစ်နှစ်လျှင် ၈ ဒသမ ၅ ရာခိုင်နှုန်း အတိုးရရှိမည်ဖြစ်သည်။

အစိုးရနှင့် ဆောက်လုပ်ရေးလုပ်ငန်း ရှင်များအသင်းတို့ပူးပေါင်းကာ ဝန်ထမ်းများအတွက် အငှားအိမ်ရာနှင့် အခြားအရောင်းအိမ်ရာများပါဝင်ပြီး အိမ်အခန်းပေါင်း ၇၀၀ ခန့်ရှိသည့် ကနဦးတန်ဖိုးနည်းအိမ်ရာ စီမံကိန်း (Pilot Project) ကို မြို့ကြီးသုံးခုတွင် စတင်ဆောင်ရွက်နေပြီး စီမံကိန်းလျာထားချက် ရာခိုင်နှုန်း ၅၀ သည် ၂၀၁၈ ခုနှစ်အတွင်း ပြီးစီမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှ သိရသည်။

Most Read

Most Recent