ငွေဆောင်ဒေသခံများထံမှ မြေယာသိမ်းဆည်းထားပြီးနောက် နစ်နာကြေးများ မပေးအပ်သေးဘဲ ခွင့်ပြုချက်မဲ့ တည်ဆောက်နေသည့် ဟိုတယ်များကို အရေးယူရန် တိုင်းအစိုးရညွှန်ကြား

ငွေဆောင်ဒေသခံများထံမှ မြေယာသိမ်းဆည်းထားပြီးနောက် နစ်နာကြေးများ မပေးအပ်သေးဘဲ ခွင့်ပြုချက်မဲ့ တည်ဆောက်နေသည့် ဟိုတယ်များကို အရေးယူရန် တိုင်းအစိုးရညွှန်ကြား
Published 23 January 2018

ငွေဆောင်မြို့တွင် ဟိုတယ်ဇုန်များ တည်ဆောက်ရေးအတွက် ဟုဆိုကာ ၂၀၀၀ ပြည့်နှစ်တွင် ဒေသခံပြည်သူများ၏ အုန်းခြံများအား နစ်နာကြေး တစ်စုံတစ်ရာ မပေးဘဲ သိမ်းဆည်းခဲ့ပြီးနောက် ဟိုတယ်များ တည်ဆောက်နေမှုကို ဒေသခံပြည်သူများက တိုင်ကြားခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြေယာလျော်ကြေး ပြဿနာများကို ဖြေရှင်းနိုင်မှု မပြီးပြတ်သေးခင်အထိ အဆောက်အအုံအသစ်များ ဆောက်လုပ်ခြင်းကို တားမြစ်ထားသော်လည်း လိုက်နာမှုမရှိဘဲ ဆက်လက် တည်ဆောက်မှုများ ရှိနေသည့် ဟိုတယ်များကို စည်ပင်သာယာရေး အဖွဲ့များ ဥပဒေဖြင့် အရေးယူဆောင်ရွက်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ငွေဆောင်ကမ်းခြေ၌ ဟိုတယ်ဇုန်များ တည်ဆောက်ရေး အတွက်ဟုဆိုကာ ၂၀၀၀ ပြည့်နှစ်တွင် ဒေသခံပြည်သူ ၂၄၈ ဦးထံမှ အုန်းခြံမြေဧက ၃၁၅ ဧကကျော် ကို ထိုစဉ်က မြေယာလျော်ကြေးမပေးဘဲ သိမ်းဆည်းခဲ့ကြောင်း၊ သိမ်းဆည်းခံခဲ့ရစဉ်က မူလပိုင်ရှင်ပြည်သူများအား ခြံအတွင်းစိုက် ပျိုးထားသည့် အုန်ပင်တစ်ပင်လျှင် ကျပ် ၄၅၀၀ နှုန်း သတ်မှတ်၍သာ ပေးချေခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် သိမ်းဆည်းခံ လယ်ယာမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပြီးနောက် မြေသိမ်းခံပြည်သူများက သိမ်းဆည်းခံ အုန်းခြံများအတွက် ထိုက်သင့်သည့်  နစ်နာကြေးအား ပေးလျော်ပေးရန်နှင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသည့် မြေယာများအား မူလပိုင်ရှင်ပြည်သူများထံ ပြန်လည်ပေးအပ်ရန် တိုင်ကြားခဲ့ကြောင်း၊ အဆိုပါ တိုင်ကြားမှုများကြောင့် မြေသိမ်းခံပြည်သူများနှင့် လက်ရှိမြေနေရာ ရယူထားသည့် ဟိုတယ်လုပ်ငန်းရှင်များ အကြားတွင် မြေယာနစ်နာကြေးများ ညှိနှိုင်းနေစဉ် ကာလအတွင်း သိမ်းဆည်းထားသည့် မြေ နေရာများပေါ်၌ အဆောက်အအုံအသစ်များ ထပ်မံဆောက်လုပ်ခြင်းမရှိရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားခဲ့ကြောင်း၊ ယင်းညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ အဆောက်အအုံ အသစ်များ ဆောက်လုပ်နေသည့် ဟိုတယ်လုပ်ငန်းရှင်များကို စည်ပင်သာယာရေး ဥပဒေအရ အရေးယူဆောင်ရွက်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆုံးဖြတ်ခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ငွေဆောင်မြို့တွင် ဟိုတယ်ဇုန်အဖြစ် သိမ်းဆည်းခံမြေယာများမှ အသုံးမပြုသော မြေယာများ ပြန်လည်ရရှိရေးနှင့် နစ်နာကြေးများရရှိရေး၊ သိမ်းဆည်းထားသည့် မြေများပေါ်တွင် အဆောက်အအုံအသစ်များ ထပ်မံမဆောက်လုပ်ရေးအတွက် မြေသိမ်းခံပြည်သူများမှ ဇန်နဝါရီ ၂၀ ရက်တွင် ဆန္ဒထုတ်ဖော် ခဲ့သေးကြောင်း သိရသည်။

 

Most Read

Most Recent