ကျိုက်ထိုမြို့ရှိ မဟာမုနိကြေးသွန်း ဘုရားဝင်းအတွင်း မွေးကင်းစ မိန်းကလေးငယ်တစ်ဦး လာရောက် စွန့်ပစ်မှုဖြစ်ပွား

ကျိုက်ထိုမြို့ရှိ မဟာမုနိကြေးသွန်း ဘုရားဝင်းအတွင်း မွေးကင်းစ မိန်းကလေးငယ်တစ်ဦး လာရောက် စွန့်ပစ်မှုဖြစ်ပွား
Published 23 January 2018

မွန်ပြည်နယ် ကျိုက်ထိုမြို့ ကံ့ကော်ရပ်ကွက်ရှိ မဟာမုနိကြေးသွန်းဘုရားဝင်း အတွင်း ၌ ဇန်နဝါရီ ၂၁ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က ချက်ကြိုးတန်းလန်းဖြင့် မွေးကင်းစ မိန်းကလေးငယ်တစ်ဦး လာရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မဟာမုနိကြေးသွန်း ဘုရားဝင်းအတွင်း သံပန်းတံခါးများ လုပ်ကိုင်နေသည့် အလုပ်သမားဖြစ်သူ ကိုကရင်ဆိုသူက ကလေးငယ်သံကြား၍ သွားရောက်ကြည့်ရှုရာ ပိတ်စအဖြူဖြင့် ပိတ်ထားသော မိန်းကလေးငယ် တစ်ဦးကို တွေ့ရှိသဖြင့် မဟာမုနိ ကြေးသွန်းဘုရား ဂေါပကအဖွဲ့ထံသို့ အကြောင်းကြားခဲ့ကြောင်း၊ ထို့နောက် ကျိုက်ထိုမြို့မရဲစခန်း ဒုရဲအုပ်ယဉ်ယဉ်လှိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ကံ့ကော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းအောင်တို့က အဆိုပါ မွေးကင်းစကလေးငယ်အား ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရာ ဆေးရုံအုပ်ကြီး ဒေါက်တာစောကလျာနှင့် အလှည့်ကျဆရာဝန် ဒေါက်တာဆင့်ဆင့်ချောတို့က ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း၊ ယင်းနောက် ဒေါက်တာစောကလျာက ကလေးငယ်သည် ခုနစ်ရက်ခန့်သာ ရှိသေးပြီး ချက်ကြိုးမှာ မပြတ်သေးသဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆက်လက်ပြုလုပ်ရန် လိုအပ်သဖြင့် ဆေးရုံ၌ ရက်သတ္တတစ်ပတ်ခန့် ထားရှိရန် လိုအပ်ကြောင်း ပြောကြား၍ ကလေးငယ်အား ဆက်လက်ပြုစု စောင့်ရှောက်ထားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

Most Read

Most Recent