ကျိုက်မရောမြို့နယ် အကြီးဆုံး သဘာဝထုံးကျောက် ဖားဘောင်ဂူကို ကုမ္ပဏီတစ်ခုက လွန်တူး စမ်းသပ်နေကြောင်း ဒေသခံများ တင်ပြမှုအား မွန်ဝန်ကြီးချုပ်က ရပ်ဆိုင်းပေးမည်ဟု ကတိပြု

ကျိုက်မရောမြို့နယ် အကြီးဆုံး သဘာဝထုံးကျောက် ဖားဘောင်ဂူကို ကုမ္ပဏီတစ်ခုက လွန်တူး စမ်းသပ်နေကြောင်း ဒေသခံများ တင်ပြမှုအား မွန်ဝန်ကြီးချုပ်က ရပ်ဆိုင်းပေးမည်ဟု ကတိပြု
Published 23 January 2018

ကျိုက်မရောမြို့နယ် သဘာဝအကြီးဆုံး ဖားဘောင်ဂူကြီးကို အတွင်းပိုင်းမှ တွေ့ရစဉ်

ရှေးဟောင်းဘုရားစေတီများ၊ သန်းချီသည့်လင်းနို့၊ ဇီဝမျိုးကွဲများ နှစ်ရှည်ခိုအောင်းမှုကြောင့် ဒေသခံ ကရင်/မွန်တိုင်းရင်းသားများ အလေးထားသည့် ကျိုက်မရောမြို့နယ် သဘာဝအကြီးဆုံး ဖားဘောင်ဂူကြီးကို ကုမ္ပဏီတစ်ခုက လွန်တူးစမ်းသပ်နေမှုကို စိုးရိမ်ပူပန်၍ ရပ်တန့်ပေးရန် တင်ပြခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဇန်နဝါရီ ၂၁ ရက်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသခံလွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံ ၁၀၀၀ ကျော်တွေ့ဆုံပွဲတွင် ကတိပေးခဲ့ကြောင်း သတင်းရရှိသည်။

“ဖားဘောင်ဂူကြီးက သဘာဝထုံးကျောက်ဂူတွေထဲမှာ အကြီးဆုံးပါပဲ။ ရှေးဟောင်းဘုရား၊ စေတီတွေလည်း ရှိတယ်။ ကျယ်ဝန်းတဲ့ ဂူကြီးထဲမှာ လင်းနို့ပေါင်း သန်းချီနေထိုင်တယ်။ တခြားဇီဝမျိုးကွဲ သတ္တဝါတွေလည်း ရှိသေးတယ်။ ဒီမှာနေတဲ့ ကရင်/မွန်တွေက ပွဲတော်လတန်ခူးဆိုရင် အဝေးကနေပြန်ပြီး ကန်တော့တယ်။ လာမယ့်နှစ်အတွက် အလုပ်အကိုင် စီးပွားရေး အဆင်ပြေဖို့ ဆုတောင်းကြတယ်။ အနီးနား ၁၄ ရွာကဆိုရင် ဒီဂူမှာ ကုမ္ပဏီတစ်ခုက လွန်တူးပြီးစမ်းတာ နှစ်ပတ်လောက်ပဲ ရှိဦးမယ်။ အဲဒါတွေ့ပြီး စမ်းပြီးရင် ဘာဆက်လုပ်မလဲဆိုတာ စိုးရိမ်တာပေါ့။ သူတို့ရဲ့ စိုးရိမ်မှုကို ဝန်ကြီးချုပ်ကို တင်ပြကြပါတယ်။ ဝန်ကြီးချုပ်က ရပ်ပေးဖို့ ကတိပေးပါတယ်။ စာထုတ်ပေးမယ်လို့လည်း ပြောပါတယ်” ဟု ဦးစောအောင်မြင့်ခိုင် (တိုင်း ရင်းသားရေးရာဝန်ကြီး ကရင်၊ ကျိုက်မရော မြို့နယ်တာဝန်ခံ) က ပြောကြားသည်။

ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က “ဝန်ကြီးချုပ်က စာထုတ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒီနေ့ (ဇန်နဝါရီ ၂၂) ညနေလောက်ဆို စာရောက်ပါလိမ့်မယ်။ အဲဒီစာက မြင့်ကုမ္ပဏီကိုပဲ တိုက်ရိုက်ထုတ်မယ်။  ကျွန်တော်တို့ကို မိတ္တူပေးမယ်။ အဲဒီစာကို ဖားဘောင်ဂူဒေသက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးရုံးတွေကို ဆက်လက် အသိပေး အကြောင်းကြားမှာပါ၊ မြင့်ကုမ္ပဏီက ဘိလပ်မြေထုတ်တာတော့ မဟုတ်ဘူး။ တွင်းတူးလွန်နဲ့ မြေကျောက်နမူနာတွေ ယူတာပဲ” ဟု ပြောကြားသည်။

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် အတွင်းရှိ ဧရိယာဧက-၄၆၆ ခန့် မြေကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန် အလို့ငှာ (ဖားဘောင်တောင် သဘာဝကြိုးဝိုင်း) အဖြစ် သတ်မှတ်ရန် ရည်ရွယ်ကြောင်း ကို (၁၂-၁၀-၂၀၁၇) ရက်စွဲပါ အမိန့်ကြော်ငြာအမှတ် ၁၃၆/၂၀၁၇ ဖြင့ ်ပြည်ထောင်စု ဝန်ကြီးဌာနက စာထုတ်ပြန်ထားကြောင်း၊ ရည်ရွယ်ချက်အတိုင်း အကောင်အထည်ဖော် လုပ်ဆောင်နေစဉ် ယင်းသဘာ၀ ကြိုးဝိုင်းအတွင်း မပြုလုပ်ရန် တားမြစ်ချက် ၁၀ ချက် ပြဋ္ဌာန်းထားပြီး ကျူးကျော်ဝင်ရောက်ခြင်း၊ မြေကိုတူးဆွ၊ ထွန်ယက်ခြင်းများ ပါဝင်ကြောင်း၊ ယင်းတားမြစ်ချက်များကို ဖောက်ဖျက်ပါက သစ်တောဥပဒေအရ အရေးယူ ဆောင်ရွက်ရန်ရှိကြောင်း၊ မွန်ပြည်နယ် သစ်တောဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမင်းသိန်းမြင့်က ပြောကြားသည်။

 

Most Read

Most Recent