ဒဂုံတောင်မြို့နယ်ရှိ စက္ကူစက်ရုံပိုင်ရှင်အားသတ်ပြီး ရွှေနှင့်ငွေများ လုယူသွားသည့်ဖြစ်စဉ်မှ ကျူးလွန်သူအမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိ

ဒဂုံတောင်မြို့နယ်ရှိ စက္ကူစက်ရုံပိုင်ရှင်အားသတ်ပြီး ရွှေနှင့်ငွေများ လုယူသွားသည့်ဖြစ်စဉ်မှ ကျူးလွန်သူအမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိ
Published 23 January 2018

ဒဂုံတောင်မြို့နယ်ရှိ စက္ကူစက်ရုံပိုင်ရှင်အားသတ်ပြီး ရွှေနှင့်ငွေများ လုယူသွားသည့် ဖြစ်စဉ်မှ ကျုးလွန်သူအမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ဇန်နဝါ ရီ ၂၂ ရက်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ဇန်နဝါရီ ၂၀ ရက် နံနက် ၈ နာရီခန့်တွင် ဒဂုံတောင်မြို့နယ် (၆၃) ရပ်ကွက်ရှိ စက္ကူစက်ရုံပိုင်ရှင် ဦး....မှာ အိပ်ရာပေါ်၌ ပက်လက်အနေအထားဖြင့် မျက်နှာတွင် ဖူးရောင်ဒဏ်ရာ၊ ဦးခေါင်းချိုစောင်း ကွဲအက် သွေးထွက်ဒဏ်ရာများရရှိကာ သေဆုံးနေသဖြင့် သက် ဆိုင်ရာရဲစခန်းမှ ကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦး....မှာ ဒဏ်ရာများဖြင့် သေဆုံးနေသည့်အပြင် ၎င်းအခန်းအတွင်းမှ ရွှေဆွဲကြိုးတစ်ကုံး၊ လက်ကိုင်ဖုန်းသုံးလုံးနှင့် ကျပ် ၂၂၀၀၀၀ တို့မှာ ပျောက်ဆုံးနေပြီး အခင်းဖြစ်နေရာအနီး ဝါးရင်းတုတ်နှစ်ချောင်းအား တွေ့ရှိခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များက ပတ်ဝန်းကျင်မှလူများအား မေးမြန်းရာ အဆိုပါစက်ရုံမှ အလုပ်သမားဟောင်းဖြစ်သူ အောင်ကို မင်း (ခ) နိုင်ဝမ်းအား စက်ရုံပိုင်ရှင် ဦး...က နိုင်ထက်စီးနင်း ဆက်ဆံခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်ဖူးကြောင်း၊ လွန်ခဲ့သည့် တစ်လခန့်က အောင်ကိုမင်းမှာ အလုပ်မှ အထုတ်ခံခဲ့ရကြောင်း သိရသည်။

ထို့ပြင် အောင်ကိုမင်း၏ညီဖြစ်သူ သန်လျင်မြို့နယ်နေ စိုးသန်းမှာလည်း အခင်းဖြစ်ပွားပြီးနောက်တွင် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်ရှိ ရေတံခွန်ကျေးရွာသို့ ပြန်သွားခဲ့ကြောင်း သိရသဖြင့် ၎င်းတို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိရေးဆောင်ရွက်ရာ အောင်ကိုမင်းနှင့် စိုးသန်းတို့နှစ်ဦးအား မြန်အောင်မြို့နယ်၌ ဇန်နဝါရီ ၂၀ ရက် ည ၁၁ နာရီခွဲခန့် တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အောင်ကိုမင်းနှင့် စိုးသန်းတို့နှစ်ဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးရာ အောင်ကိုမင်းမှာ သေဆုံးသူ ဦး...၏ စက်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး လွန်ခဲ့သည့်တစ်လခန့်က အလုပ်ထုတ်ခံရကြောင်း၊ ထို့ပြင် ဦး....မှာ အောင်ကိုမင်းအား နိုင်ထက်စီးနင်းဆက်ဆံခြင်း၊ ဆဲ ဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပြုမူသည်ကို အောင်ကိုမင်းက မကျေနပ်သည့်အပြင် အခင်းမဖြစ်ပွားမီတွင် ညီဖြစ်သူ စိုးသန်းမှာ ငွေလိုအပ်နေသဖြင့် ဇန်နဝါရီ ၂၀ ရက် နံနက် ၁ နာရီခန့်တွင် ၎င်းတို့နှစ်ဦးမှာ စက်ရုံပိုင်ရှင် ဦး....အား အသင့်ယူလာသည့်တုတ်ဖြင့် ရိုက်သတ်ကာ ရွှေ၊ ငွေ နှင့် ဖုန်းများကို လုယူလာခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ကျုးလွန်သူနှစ်ဦးအား ဒဂုံတောင်မြို့မရဲစခန်းက (ပ) ၁၆၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent