ယခုလအတွင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ညောင်လေးပင်မြို့ ကုသိနာရုံကျောင်းတိုက်မှ သက်တမ်းတစ်ရာကျော်ရှိ ရှေးဟောင်းကျောင်းဆောင်ကြီး အက်ကြောင်းရာများဖြစ်ပေါ်နေပြီး ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေ

ယခုလအတွင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ညောင်လေးပင်မြို့ ကုသိနာရုံကျောင်းတိုက်မှ သက်တမ်းတစ်ရာကျော်ရှိ ရှေးဟောင်းကျောင်းဆောင်ကြီး အက်ကြောင်းရာများဖြစ်ပေါ်နေပြီး ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေ
Published 23 January 2018

ညောင်လေးပင်မြို့ ကုသိနာရုံ ကျောင်းတိုက်မှ သက်တမ်းတစ်ရာကျော်ရှိ ရှေးဟောင်းကျောင်းဆောင်ကို တွေ့ရစဉ်

ယခုလအတွင်း၌ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် အနောက်ဘက်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်များကြောင့် ညောင်လေးပင်မြို့ မြို့မ (၁) ရပ်ကွက် ဘုရားကြီးလမ်း ကုသိနာရုံပါဠိသိပ္ပံကျောင်းတိုက်မှ သက်တမ်းတစ်ရာကျော်ရှိသည့် ရှေးဟောင်း ကျောင်းဆောင်ကြီးတွင် အက်ကွဲပျက်စီးမှု များ ပိုမိုဖြစ်ပေါ်လာပြီး  ပြုပြင်ထိန်းသိမ်းရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

“မူလကျောင်းအလှူရှင်များကတော့ ကျောင်းအစ်မကြီး ဒေါ်ဖော့နှင့်သားသမီး မြေး မြစ်တစ်စုတို့က ဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပြီး မူလအလှူရှင်များနှင့်လည်း ဆက်သွယ်လို့ မရတော့တဲ့အတွက်ကြောင့် ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်းစောင့် ရှောက်ဖို့ရန်အတွက် မူလရှေးဟောင်းလက်ရာများ မပျောက်ပျက်အောင် နိုင်ငံတော် အစိုးရပိုင်းအနေဖြင့်လည်း လာရောက်လေ့လာ ကူညီပံ့ပိုးပေးစေချင်ပါတယ်။ လာရောက် လေ့လာဖို့လည်း ဖိတ်ခေါ်ပါတယ်”  ဟု ပါဠိ သိပ္ပံကျောင်းတိုက်ဆရာတော် (ရှစ်ဘွဲ့ရ ဆရာတော်) အရှင်ကဝိသေဋ္ဌာလင်္ကာရက မိန့်ကြားသည်။

ကျောင်းဆောင်မှာသံဃာတော်များ သီတင်းသုံးနေထိုင်လျက်ရှိသော ကျောင်းဆောင်တစ်ခုဖြစ်ပြီး လွန်ခဲ့သော ၁၉၀၅ ခုနှစ်တွင် အလှူရှင်ကျောင်းအစ်မများဖြစ်ကြသည့် ဒေါ်ဖော့နှင့် သားသမီး (မိသားစု)များမှ ဆောက်လုပ်လှူဒါန်းထားခြင်းဖြစ် ကြောင်း၊ ယခုအခါ ကျောင်းဆောင်ကြီးတွင် အက်ကွဲရာများ ထင်၍ ပျက်စီးမည့် အနေအထားရှိနေသော်လည်း ပြုပြင်ဆောင်ရွက်ရန် မူလအလှူရှင်များအား ဆက်သွယ်၍မရတော့ကြောင်း၊ ထိုသို့ ဆက်သွယ်မရသောကြောင့် သက်တမ်း ၁၀၀ ကျော်ရှိနေပြီဖြစ်သည့် ရှေး ဟောင်းကျောင်းဆောင်ကြီးအား နိုင်ငံတော် အစိုးရအနေဖြင့်သော်လည်းကောင်း၊ စေတနာ သဒ္ဓါဖြင့် လှူဒါန်းလိုသော အလှူရှင်များအနေဖြင့်လည်းကောင်း လာရောက်လေ့လာ၍ ထိန်းသိမ်းစောင့်ရှောက်ပြုပြင် ပေးစေလိုခြင်းဖြစ်ကြောင်း သိရသည်။

“ရှေးဟောင်း အဆောက်အအုံတွေကိုလှူဒါန်းတဲ့အလှူ့အမတွေမှာ ဒီဘဝမှာပဲ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ အသက်ရှည်ခြင်းဆိုတဲ့ အကျိုးတရားကို လက်တွေ့ရရှိခံစားကြရမှာဖြစ်ပါတယ်။ နောင် ဘဝသံသရာ အဆက်ဆက်မှာလည်းပဲ၊ လူ ချမ်းသာနတ်ချမ်းသာဆိုတဲ့ ကောင်းရာသုဂ တိ ချမ်းသာတွေခံစားရပြီးတော့ နောက်ဆုံး နိဗာန်ချမ်းသာကိုလည်းပဲ လွယ်လွယ်ကူကူနဲ့ ရရှိပြည့်စုံခံစားနိုင်ကြရမှာပါ။ ဒါကြောင့်မို့လို့ ကျန်းကျန်းမာမာချမ်းချမ်းသာသာနဲ့ အသက်ရှည်ချင်ကြတဲ့ ပုဂ္ဂိုလ်များ၊ အလှူ့ဒါ ယကာအလှူ့အမများ၊ ကျောင်းဒကာ၊ ကျောင်းအမများအနေနဲ့ ဦးဇင်းတို့ရဲ့ ရှေးဟောင်းနှစ် ထပ်တိုက်ကျောင်းတော်ကြီးကို လာရောက်လေ့လာပြီးတော့ ပြုပြင်လှူဒါန်းနိုင်ဖို့အတွက်ကို ဦးဇင်းတို့အနေနဲ့ ဖိတ်ခေါ်ချင်ပါတယ်” ဟု အရှင်ကဝိသေဋ္ဌာလင်္ကာရက ဆက်လက်မိန့်ကြားသည်။

အဆိုပါရှေးဟောင်းကျောင်းဆောင်ကြီးသည် အလျား ၃၁ ပေ၊ အနံ ၃၁ ပေ၊ အမြင့် ၃၆ ပေခန့်ရှိပြီး သက်တမ်းကြာမြင့်ပြီ ဖြစ်သောကြောင့်၊ အက်ကွဲကြောင်းများ ပျက်စီးယိုယွင်းမှုများပိုမိုဖြစ်ပေါ်လာခဲ့ကြောင်း၊ ယခုလအတွင်း၌ ဖြူးမြို့နယ်အနောက်ဘက်ကိုဗဟိုပြု၍ လှုပ်ခတ်သွားခဲ့သော ငလျင်များကြောင့်လည်း အက်ကြောင်းများ ပိုကြီးလာကာ အချို့နံရံများ ကွာကျလျက် ပြိုကျပျက်စီးနိုင်သောကြောင့် သက်တမ်းရာကျော်နေပြီဖြစ်သည့် ကျောင်းဆောင်ကြီးအား အမြန်ဆုံးပြုပြင်ထိန်းသိမ်းရန် လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent