ဇန်နဝါရီနောက်ဆုံးပတ်တွင် ပြုလုပ်ရန်စီစဉ်ထားသည့် ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို ရွှေ့ဆိုင်း

ဇန်နဝါရီနောက်ဆုံးပတ်တွင် ပြုလုပ်ရန်စီစဉ်ထားသည့် ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို ရွှေ့ဆိုင်း
Published 22 January 2018

ဇန်နဝါရီ နောက်ဆုံးပတ်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောကြားသည်။

လက်ရှိအခြေအနေများအရ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးကို ကျင်းပရန် ယခုဇန်နဝါရီလထဲတွင် မဖြစ်နိုင်တော့ဘဲ ဖေဖော်ဝါရီလအတွင်း ဖြစ်သွားနိုင်သည်ဟု ဦးအောင်စိုးက ဆိုသည်။

ယခုလို နောက်ဆုတ်လိုက်ရသည့် အကြောင်းရင်းမှာ ပင်လုံညီလာခံကို အတတ်နိုင်ဆုံး ပြည့်ပြည့်စုံစုံဖြင့် အားလုံးပါဝင်သည့် ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်းတစ်ခု တက်လာနိုင်ရေးအတွက်ဖြစ်သည်ဟု ဦးအောင်စိုးက ပြောကြားသည်။

“မဖြစ်နိုင်တဲ့ အခြေအနေကတော့ လက်ရှိအခြေအနေပေါ့။ အားလုံးပြည့်စုံနိုင်အောင်ပေါ့။ UNFC အဖွဲ့ကလည်း လက်မှတ်ထိုးဖို့ အစီအစဉ်လေးတွေရှိတယ်။ သူတို့ထိုးပြီးရင်လည်း ရှေ့ဆက်လုပ်ရမယ့် အလုပ်ကလေးတွေလည်းရှိတယ်။ ဖြစ်နိုင်ရင်တော့ ပင်လုံတစ်ခုက အတတ်နိုင်ဆုံး ပြည့်ပြည့်စုံစုံလေး ဖြစ်စေချင်တယ်။ အဲဒါမှ အားလုံးပါဝင်တဲ့ ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်းလေးတစ်ခု တက်လာနိုင်အောင်ပေ့ါဗျာ” ဟု အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောကြားသည်။

ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS/SSA) အနေဖြင့် လင်းခေးမြို့တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့် ရရှိထားသော်လည်း တောင်ကြီးမြို့တွင် ပြုလုပ်မည့် အကြိုဆွေးနွေးပွဲကို ကျင်းပခွင့်မပေးသောကြောင့် လင်းခေးမြို့တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိ ပြုလုပ်မည့် ရှမ်းလူမျိုးလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို ယာယီရွှေ့ဆိုင်းခဲ့သလို ဒုတိယအကြိမ် ပြုလုပ်မည့် ကရင်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အကြိုအဖြစ် လူထုတွေ့ဆုံပွဲများကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တို့တွင် ကျင်းပရန်ခွင့်ပြုချက် တောင်းခံရာတွင်လည်း မရရှိခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့သည်။

ယင်းကဲ့သို့ဖြစ်ပေါ်နေသည့် အခြေအနေများတွင် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများလည်း လုပ်နိုင်ရန်နှင့် အားလုံးပြေပြေလည်လည် ဖြစ်ရန်မှာလည်း ပင်လုံအစည်းအဝေးကို ရွှေ့ဆိုင်းလိုက်သည့်အချက်များတွင် ပါဝင်သည်ဟု အစိုးရငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောကြားသည်။

NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်အရ ပြုလုပ်ဆောင်ရွက်ရမည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများနှင့် လူထုတွေ့ဆုံပွဲများ ကန့်သတ်ပိတ်ပင်ခံရခြင်းများနှင့် ပတ်သက်သည့် ဖြေရှင်းရန်ကိစ္စရပ်များအတွက် နိုင်ငံတော်တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်း အဖြေရှာပြီးမှသာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ဆက်လုပ်သွားမည် ဖြစ်သည်ဟု NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ထုတ်ပြန်ထားသည်။

Most Read

Most Recent