ရန်ကုန်တိုင်းအတွင်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာအထိ City Taxi မှတ်ပုံတင်သည့် အစီးရေ ၇၂၀၀၀ ခန့်ရှိပြီး ယာဉ်အို၊ ယာဉ်ဟောင်းအပ်သည့်ယာဉ်များ သတင်းမပို့၍ စာရင်းတိကျမှု အားနည်းနေဟု ဆို

ရန်ကုန်တိုင်းအတွင်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာအထိ City Taxi မှတ်ပုံတင်သည့် အစီးရေ ၇၂၀၀၀ ခန့်ရှိပြီး ယာဉ်အို၊ ယာဉ်ဟောင်းအပ်သည့်ယာဉ်များ သတင်းမပို့၍ စာရင်းတိကျမှု အားနည်းနေဟု ဆို
Published 22 January 2018

City Taxi များ YRTA မြောက်ပိုင်းခရိုင်ရုံးတွင် မှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်တိုင်းအတွင်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာအထိ City Taxi မှတ်ပုံတင်သည့်အစီးရေ ၇၂၀၀၀ ခန့်ရှိပြီး ယာဉ်အို၊ ယာဉ်ဟောင်းအပ်သည့်ယာဉ်များ သတင်းမပို့၍ စာရင်းတိကျမှု အားနည်းနေဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ အဖွဲ့ဝင်၊ ဦးလှအောင်က ပြောကြားသည်။

“၂၀၁၇ ဒီဇင်ဘာလအထိ City Taxi အဖြစ် မှတ်ပုံတင်ထားတဲ့ Taxi အစီးရေပေါင်း ၇၂၀၀၀ လောက် ရှိပါတယ်။ အဲဒါကလည်း တိကျမှုအားနည်းနေတဲ့ စာရင်းဖြစ်ပါတယ်။ ဘာကြောင့် အဲဒီလိုပြောလည်းဆိုတော့ ယာဉ်အို၊ ယာဉ်ဟောင်းအပ်တဲ့ Taxi တွေက ကျွန်တော်တို့ကို သတင်းမပို့ပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ဦးလှအောင်က ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာတွင် Taxi ယာဉ်နှင့်ပတ်သက်ပြီး မှတ်ပုံမတင်သည့်ယာဉ်များ မှတ်ပုံတင်ရန် သက်တမ်းတိုးရန် ကျန်ရှိနေသည့်ယာဉ်များကို သက်တမ်းတိုးရန် ကြေညာခဲ့သည်။

“ကျွန်တော်တို့မှာ City Taxi မှတ်ပုံတင်တဲ့ Taxi ဘယ်လောက်ဆိုတာကို တိကျအောင် လုပ်ချင်တာပါတယ်။ နောက်တစ်ကြောင်းက အနာဂတ်ကို သွားမယ့် Taxi မူဝါဒတွေမှာ Taxi ယာဉ်ဘယ်လောက်ဟာ ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတယ်ဆိုတာ တိကျတဲ့စာရင်း၊ ဇယားရချင်တာလည်း ပါပါတယ်” ဟု ဦးလှအောင်က ပြောကြားသည်။

City Taxi မှတ်ပုံတင်ခြင်း လုပ်ငန်းကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး ဆောင်ရွက်ရန် ကြေညာထားခြင်းဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်သည့် Taxi များ၏ တင်ပြချက်အရ ၂၀၁၈ ဇန်နဝါရီ ၃၁ ရက်အထိ သက်တမ်းတိုးပြီး ဆောင်ရွက်ပေးနေကြောင်း သိရသည်။

“ကျွန်တော်တို့ဆီ လာလျှောက်တယ်ဆိုရင် တစ်နေ့တစ်နေ့ ကျွန်တော်တို့ လုပ်ကိုင်နိုင်တဲ့စီးရေထက် လာရောက်ပြီး မှတ်ပုံတင်တယ်။ တစ်လောက ကြေညာတဲ့အခါ တစ်နေ့ကို ခုနစ်ရာတစ်ထောင် လုပ်နိုင်တယ် ဆိုရင်လာပြီး သတင်းပို့တာ ၁၅၀၀ လောက်ရှိတယ်။ ဒါကို တိုကင်စနစ်နဲ့ လုပ်ပေးတယ်။ တချို့ကလည်း ဒါလုပ်ဖို့ သုံးလေးရက် ကြာတယ်လို့ ပြောတယ်။ အသစ်မှတ်ပုံတင်တဲ့အခါမှာ နံပါတ်(၁)ယာဉ်ကို မှတ်ပုံတင်တယ်။ ယာဉ်ပိုင်ရှင်ကို မှတ်ပုံတင်တယ်။ ယာဉ်မောင်းကို မှတ်ပုံတင်တယ်။ အချက်အလက် ပြည့်စုံဖို့ လိုအပ်ပါတယ်။ အဲဒီအချက်အလက် မပြည့်စုံရင် ယာဉ်ပိုင်ရှင်က ခဏခဏလာရတဲ့ သဘောရှိတယ်။ အချက်အလက် ပြည့်စုံရင် တိုကင်ယူသွား၊ ချိန်းဆိုတဲ့ရက်မှာလာရင် အပြီးလုပ်ပေးပါတယ်” ဟု ၎င်းက ပြောကြားသည်။

City Taxi မှတ်ပုံတင်ကို အမြန်ဆုံးနည်းနှင့် ဆောင်ရွက်ပေးနေကြောင်း၊ သက်တမ်းတိုးသည့်ကားများ အချက်အလက် ပြည့်စုံပါက နေ့ချင်းပြီးအောင် လုပ်ပေးနေသည်ဟု ဆိုသည်။

“City Taxi မှတ်ပုံတင်ကို မတင်တဲ့ကားလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြောင်းလဲလာတာတော့ ရှိတယ်။ အရင်တုန်းက ကား ၁၀ စီးမှာဆိုရင် ခုနစ်စီးလောက်မတင်ဘူး။ အခုဆိုရင် စစ်တမ်းကောက်ကြည့်တယ်။ ၁၀ စီးမှာ ခုနစ်စီး ရှစ်စီးလောက် မှတ်ပုံတင်လာတယ်။ မတင်သေးတဲ့ကားတွေရှိ နိုင်ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့က City Taxi မှတ်ပုံတင်တယ်ဆိုတာက အခုမှမဟုတ်ဘူး” ဟု YRTA အဖွဲ့ဝင် ဦးလှအောင်က ပြောကြားသည်။

City Taxi မှတ်ပုံတင်ရသည့် ရည်ရွယ်ချက်သုံးခုတွင် ယာဉ်များသည် မြို့တော်အင်္ဂါရပ်နှင့်ညီသည့် ယာဉ်များဖြစ်ရန်၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအပိုင်းကို ဆောင်ရွက်ပေးနိုင်ရန်၊ စီးနင်းသည့်ခရီးသည်တိုင်း (နိုင်ငံခြားသားဖြစ်စေ၊ နိုင်ငံသားဖြစ်စေ) လွယ်ကူစွာ စီးနင်းနိုင်ရန်တို့ ပါဝင်ကြောင်း သိရသည်။

“မှတ်ပုံတင်ခြင်းပြီးရင် ယာဉ်နဲ့ပတ်သက်ပြီး လိုင်စင်မဲ့ပြေးနေတဲ့ ယာဉ်တွေရှိတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့က စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေနဲ့ပေါင်းပြီး စိစစ်မယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် အမှန်တကယ် မှတ်ပုံတင်ထားတဲ့ ယာဉ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းပိုပြီး တိုးတက်ရမယ်။ ကားအတွက်ဖြစ်စေ၊ ပြည်သူလူထုအတွက် ဖြစ်စေပိုပြီး အကျိုးပြုတဲ့အချက်ရှိတယ်။ အဲဒါဘာလဲဆိုတော့ ဥပမာ ကားတစ်စီးကို စွပ်စွဲခံရတယ်။ ဒီကားပါလို့ပြောရင် မှတ်ပုံတင်ထားတဲ့ ကားပုံစံနဲ့ မကိုက်ညီရင် ကျွန်တော်တို့ ကားဘက်ကလိုက်ပြီး တာဝန်ရှိတဲ့သူတွေကို ဖြေရှင်းပေးတယ်။ နောက်တစ်ချက်က ယာဉ်တိုက်ပြီး ထွက်ပြေးတယ်။ လူကိုတိုက်တယ်။ ဆိုက်ကားကိုတိုက်တယ်။ အချက်အလက်ရရင် ဥပဒေအရ ထိန်းကျောင်းတဲ့ အဖွဲ့တွေကို ဖော်ထုတ်ပေးတယ်။ ဒီလိုဖော်ထုတ်ပေးတာတွေကဆိုရင် တစ်လတစ်လမှာ အမှုပေါင်းများစွာ ဆောင်ရွက်ပေးတယ်။ မှတ်ပုံတင်ခြင်းက အကျိုးရှိတယ်” ဟု ဦးလှအောင်က ပြောကြားသည်။

City Taxi မှတ်ပုံတင်ခြင်းမရှိသည့်ယာဉ်များကို မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ဆိုသည့် Taxi ယာဉ်မူဝါဒကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ရေးဆွဲပြီးသည့်အချိန်တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent