မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်း၌ သွင်းကုန်/ထုတ်ကုန်များ ရှင်းလင်းရာတွင် ပိုမိုမြန်ဆန်ရေး အွန်လိုင်းစနစ်ဖြင့် ၂၄ နာရီ လုပ်ကိုင်နိုင်သည့် MACCS စနစ် ဇွန်လမှ စတင်ဆောင်ရွက်မည်

မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်း၌ သွင်းကုန်/ထုတ်ကုန်များ ရှင်းလင်းရာတွင် ပိုမိုမြန်ဆန်ရေး အွန်လိုင်းစနစ်ဖြင့် ၂၄ နာရီ လုပ်ကိုင်နိုင်သည့် MACCS စနစ် ဇွန်လမှ စတင်ဆောင်ရွက်မည်
Published 22 January 2018

မြဝတီနယ်စပ် ကုန်သွယ်ရေး တစ်နေရာကို တွေ့ရစဉ်

မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်း၌ သွင်းကုန်/ထုတ်ကုန်များ ရှင်းလင်းရာတွင် ပိုမိုမြန်ဆန်စေရန်အတွက် လာမည့်ဇွန်လတွင် MACCS (Myanmar Automated Cargo Clearance System) စနစ်ဖြင့် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းသန့်က ပြောကြားသည်။

“၂၀၁၈ ဇွန်လမှာစမှာ။ အခုအဲဒီဥစ္စာအားလုံးက ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတော့ ကိုယ်တို့အခု မတ်လဆန်းဆိုရင် Running Test စတော့မယ်။ အခုဘာတွေလုပ်ပြီး သွားပြီလဲဆိုရင် Building Section ပေါ့။ awareness တွေ လုပ်ပြီးသွားပြီ။ နောက်တစ်ခါ သင်တန်းတွေ ပေးပြီးသွားပြီ။ နောက်တစ်ခါ Networking တွေ လုပ်နေပြီ။ လုပ်ပြီးသလောက်ဖြစ်နေပြီ။ ဇွန်လကိုတော့ စတင်ဖွင့်လှစ်မယ်” ဟု ညွှန်ကြားရေးမှူး ဦးဝင်းသန့်က ပြောကြားသည်။

အဆိုပါ မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်း၌ MACCS ကို ဆောင်ရွက်မှုသည် စနစ်တကျ ဆောင်ရွက်နိုင်မည်ဆိုပါက အခြားနယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သော မူဆယ်နှင့် တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းများကိုလည်း ဦးစားပေး၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“လောလောဆယ်တော့ ဆက်လုပ်ဖို့ အစီအစဉ်တွေတော့ရှိတယ်။ ဒါပေမဲ့ လောလောဆယ်ကတော့ ဘယ်အချိန်မှာ ဘယ်နေရာကို ဆက်မယ်ဆိုတာတော့ ချက်ချင်း အတိအကျ ဆုံးဖြတ်ထားတာတော့ မရှိသေးဘူး။ ဆက်သွားတာတော့ ဆက်သွားမယ်။ ဥပမာအားဖြင့် ပြောရရင်တော့ မူဆယ်တို့၊ တာချီလိတ်တို့ပေါ့လေ။ ဒီလိုဟာမျိုးတွေ ဦးစားပေး ပြီးတော့ဆက်သွားဖို့ရှိတယ်။ သူကကျတော့ တစ်နေရာမှာ Stable ဖြစ်ပြီးမှ နောက်တစ်နေရာကို ခုန်ကူးလို့ အဆင်ကပြေမှာလေ။ ရန်ကုန်မှာတုန်းကလည်း ဒီအတိုင်းပဲလေ ရန်ကုန်ပြီးရင် ဘယ်ကိုဆက်သွားမယ် ဆိုတာကို ဆုံးဖြတ်ထားတာ မရှိသေးဘူး။ စဉ်းပဲစဉ်းစားထားတယ်။ တရားဝင် မဆုံးဖြတ်ထားဘူး။ ရန်ကုန်မှာလည်းဖြစ်ရော ချက်ချင်း မြဝတီကိုယ်တို့တွေ ဆက်လုပ်လိုက်တယ်။ အခုလည်းပဲ အဲဒီလိုပါပဲ အတိအကျပြောဖို့က နည်းနည်းစောသေးတယ်။ လုပ်ဖြစ်ရင်တော့ မူဆယ်နဲ့ တာချီလိတ်ပေါ့။ အဲဒီနှစ်ကတော့ ဦးစားပေးပေါ့။ အဲဒီနှစ်ခုကတော့ တစ်ခုခုတော့ ဖြစ်မှာပေါ့” ဟု ဦးဝင်းသန့်က ပြောကြားသည်။

MACCS စနစ်သည် အကောက်ခွန်ဦးစီးဌာန၏ သွင်းကုန်/ ထုတ်ကုန် ရှင်းလင်းရေး လုပ်ငန်းစဉ်များကို Online စနစ်ဖြင့် အသုံးပြု ဆောင်ရွက်နိုင်ပြီး ကုန်သွယ်မှု လွယ်ကူချောမွေ့စေကာ ၂၄ နာရီပတ်လုံး လည်ပတ်ဆောင်ရွက်သွားမည့် စနစ်တစ်ခုဖြစ်ကြောင်း သိရသည်။

အကောက်ခွန်ဦးစီးဌာနတွင် သွင်းကုန်၊ ထုတ်ကုန် ရှင်းလင်းရေးလုပ်ငန်းစဉ်များ သွက်လက်မှန်ကန် မြန်ဆန်စေရန်နှင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးတို့အပြင် National Single Window (NSW) အထောက်အကူပြု Myanmar Automated Cargo Clearance System (MACCS) စနစ်နှင့် Myanmar Customs Intelligence System (MCIS) စနစ်တို့ကို ၂၀၁၃ ခုနှစ် ဇူလိုင်လမှစ၍ ဂျပန်နိုင်ငံ အစိုးရ၏ ဘဏ္ဍာရေးအကူအညီ (Grant Aid) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

MACCS စနစ်အကောင်အထည် ဖော်ရာတွင် ဂျပန်နိုင်ငံအစိုးရ၏ ဘဏ္ဍာရေးအကူအညီ (Grant Aid) ဂျပန်ယန်းသန်းပေါင်း ၃၉၉၀ အပြင် မြန်မာနိုင်ငံအစိုးရဘက်မှလည်း ကျပ်သန်းပေါင်း ၅၈၀၀ ကျော် အသုံးပြု ဆောင်ရွက်ခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်က ဆိုသည်။

စနစ်၏ စမ်းသပ်မှုကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ်လမှ အောက်တိုဘာလအထိ ဆောင်ရွက်ခဲ့ပြီး အဆိုပါ စနစ်ကို အပြည့်အ၀ အသုံးပြုခြင်းဖြင့် ပထမအဆင့်အနေဖြင့် ရန်ကုန်မြို့တွင်းရှိ သီလဝါ အထူးစီးပွားရေးဇုန် အပါအဝင် ဆိပ်ကမ်းများနှင့် လေဆိပ်သိုလှောင်ရုံများတွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

MACCS စနစ်သည် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် နိုင်ငံတကာစံ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရေးဆွဲထားသည့် စနစ်တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် MACCS စနစ်စတင် အသုံးပြုပြီး နောက်ပိုင်းမှစ၍ ကုန်သွယ်မှု လုပ်ငန်းစဉ်များ မြန်ဆန်လာပြီး နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်သည့် စနစ်တစ်ခုဖြစ်ကြောင်း သိရသည်။

Most Read

Most Recent