ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်စေရန် အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များ ပုံမှန်ထိတွေ့နိုင်သည့်နေရာမျိုး ရှိသင့်ပြီး နည်းပညာ အထောက်အကူပြု ယန္တရားလည်း ခိုင်ခိုင်ခံ့ခံ့ရှိရန်လိုကြောင်း သုံးသပ်မှုများရှိနေ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်စေရန် အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များ ပုံမှန်ထိတွေ့နိုင်သည့်နေရာမျိုး ရှိသင့်ပြီး နည်းပညာ အထောက်အကူပြု ယန္တရားလည်း ခိုင်ခိုင်ခံ့ခံ့ရှိရန်လိုကြောင်း သုံးသပ်မှုများရှိနေ
Published 22 January 2018

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်စေရန် အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များ ပုံမှန်ထိတွေ့နိုင်သည့်နေရာမျိုး ရှိသင့်ပြီး နည်းပညာ အထောက်အကူပြုယန္တရားလည်း ခိုင်ခိုင်ခံ့ခံ့ရှိရန်လိုကြောင်း သုံးသပ် ဆွေးနွေးမှုများ ရှိနေသည်။

လက်ရှိအစိုးရလက်ထက်တွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားမည်ဆိုသော နိုင်ငံရေးစိတ်ဆန္ဒ ဆုံးဖြတ်ချက် ရှိပြီးသားဖြစ်သဖြင့် ပြောစရာမရှိကြောင်း၊ သို့ရာတွင် လတ်တလော အခက်အခဲမှာ အကောင်အထည်ဖော်မှုနှင့် ပတ်သက်သည့်နေရာတွင် မည်သို့ အကောင်အထည်ဖော်မည်ဆိုသည့် ပုံစံများ ယခင်အစိုးရနှင့် ကွဲသွားကြောင်း၊ အကောင်အထည်မှု ပုံစံကွဲသွားသည့်အခါ အချို့ရလဒ်များသည် ရသင့်သလောက် မရခဲ့သော်လည်း အခြေအနေဆိုး အဆင့်သို့လည်း ရောက်ရှိခြင်းမရှိကြောင်း၊ NLD အစိုးရ လက်ထက်တွင် အခွင့်အလမ်းကောင်းအချို့ ပေါ်လာသော်လည်း အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးဘက်မှ ထိထိမိမိ မစွဲကိုင်လိုက်နိုင်သည်ကို တွေ့ရကြောင်း Myanmar Institute for Peace and Security (မြန်မာပြည်ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအင်စတီကျု) အလုပ်အမှု ဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

“လက်ရှိဖြစ်စဉ်ကို ရှေ့ဆက်သွားမယ်ဆိုရင် လက်ရှိရှိနေတဲ့ အဟန့်အတားတစ်ခုက National Security Decision Making ပေါ့နော်။ အထူးသဖြင့် ငြိမ်းချမ်းရေးဆိုတဲ့ဟာကလည်း အမျိုးသားလုံခြုံရေးကိစ္စဆိုတော့ အမျိုးသားလုံခြုံရေးကိစ္စတွေ ဖြစ်လာပြီ။ ငြိမ်းချမ်းရေးကိစ္စတွေ ဖြစ်လာပြီဆိုရင် အဓိက တိုင်းပြည်မှာ ဆုံးဖြတ်ရမယ့် သူက လက်ရှိအချိန်မှာ သုံးယောက်ရှိတယ်။ နိုင်ငံတော်သမ္မတကြီးရှိမယ်။ ဒေါ်အောင်ဆန်းစုကြည်ရှိတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရှိမယ်။ အဲဒီတော့ ဒီသုံးယောက် အနည်းဆုံး ပါဝင်ပြီးတော့ တခြားတာဝန်ရှိတဲ့သူတွေ ပါဝင်တဲ့ ပလက်ဖောင်းမျိုးတစ်ခုရှိသင့်တယ်။ အရင်တုန်းကဆိုလို့ရှိရင်တော့ UPCC ပေါ့။ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟိုကော်မတီဆိုတာ ရှိတယ်။ အနိမ့်ဆုံးကတော့ ဒီဗဟိုကော်မတီမှာ တပ်မတော်ဘက်က တပ်မတော်သဘောထား ဆွေးနွေးတယ်။ အစိုးရဘက်ကလည်း သဘောထား ဆွေးနွေးတယ်။ နောက်ဆုံး နိုင်ငံတော်သမ္မတကနေပြီးတော့ ဒီဆွေးနွေးချက်တွေ နားထောင်ပြီးတော့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ချခဲ့တာတွေရှိတယ်။ တချို့ဟာတွေကျတော့ တပ်မတော်နဲ့ ကိုက်တာရှိတယ်။ တချို့ဟာတွေကျတော့ တပ်မတော်နဲ့ မကိုက်တာတွေရှိတယ်။ ဒါပေမဲ့ နိုင်ငံတော်သမ္မတက ဆုံးဖြတ်တဲ့အတွက်ကြောင့်မို့လို့ အားလုံးကနေ လက်ခံပြီးလုပ်ရတဲ့ ပလက်ဖောင်းတစ်ခု ဖြစ်လာတယ်။ ဒါအနိမ့်ဆုံးအဆင့်ကတော့ ဒီတိုင်းပြည်ရဲ့ ခေါင်းဆောင်တွေ ပုံမှန်ထိတွေ့ စကားပြောလို့ရတဲ့ ပလက်ဖောင်းမျိုး ရှိခဲ့တယ်။ အခုလက်ရှိမှာ မရှိဘူးဆိုတာ တွေ့ရတယ်” ဟု ဒေါက်တာမင်းဇော်ဦးက ဆိုသည်။

ယခင်သမ္မတဟောင်း ဦးသိန်းစိန်သည် တပ်မတော်အငြိမ်းစား ဖြစ်သည့်အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထက်လည်း စီနီယာကျသဖြင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ကိစ္စတစ်ခုခုဖော်ဆောင်မည့်အခါ ညှိနှိုင်းဆောင်ရွက်မှုများရှိကြောင်း။ လက်ရှိအစိုးရလက်ထက်တွင် အစိုးရနှင့် တပ်မတော်ကြား ချိတ်ဆက်မှု လုံးဝပျက်နေသည့်အပြင် ငြိမ်းချမ်းရေး ဖော်ဆောင်သည့်နေရာတွင် ဆွေးနွေးရေး ဦးဆောင်ရန် တာဝန်ပေးထားသူသည် စေ့စပ်ညှိနှိုင်းမှုနှင့် ပတ်သက်၍ အံဝင်ခွင်ကျမှုမရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး (၂) စိုင်းကျော်ညွန့်က ဆိုသည်။

“ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာ ဆွေးနွေးရေးရဲ့ ဦးဆောင်တဲ့သူပေါ့။ ဆွေးနွေးရေးမှာ ဦးဆောင်သူကို ပြန်ကြည့်လိုက်ရင်တော့ ပြီးခဲ့တဲ့အခင်းအကျင်းမှာတော့ ဆွေးနွေးမှုကို ဦးဆောင်တဲ့သူက အစိုးရကိုလည်းသွားပြီး ညှိနှိုင်းနိုင်တယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း ညှိနှိုင်းနိုင်တယ်။ တပ်မတော်နဲ့လည်း ညှိနှိုင်းနိုင်တယ်။ အဲဒီလူမျိုးတွေ ရှိခဲ့တယ်။ အခုအခင်းအကျင်းမှာကျတော့ အစိုးရမှာ ကျတော့လည်း အဲဒီစေ့စပ်ညှိနှိုင်းနေတဲ့ ခေါင်းဆောင်က အစိုးရဘက်ကျတော့ အစိုးရခိုင်းတာကိုပဲလုပ်တယ်။ ပြီးရင် တိုင်းရင်းသားလက်နက်ကိုင် အကြောင်းကျတော့လည်း နားမလည်ဘူး။ တပ်မတော်နဲ့ဆိုရင် ပိုဝေးသွားပြီ။ ပိုဝေးတော့ကာ စေ့စပ်ညှိနှိုင်းရေးမှာတော့ တာဝန်ပေးထားတဲ့ ခေါင်းဆောင်တွေကတော့ သိပ်အံဝင်ခွင်မကျဘူးပေါ့ဗျာ။ သူ့ဘာသာရပ်မှာတော့ ကျွမ်းကျင်မယ်လို့မြင်တယ်” ဟု စိုင်းကျော်ညွန့်က ဆိုသည်။

ငြိမ်းချမ်းရေးဖော်ဆောင်သည့်နေရာတွင် ဆွေးနွေးရေး ဦးဆောင်ရန် တာဝန်ပေးထားသူနှင့် ပတ်သက်၍ ဒေါက်တာမင်းဇော်ဦးက မည်သည့်အစိုးရတက်လာသည်ဖြစ်စေ ၎င်းတို့စိတ်ချသူများကိုသာ တာဝန်ပေးမည်ဖြစ်ကြောင်း၊ အခြားနိုင်ငံများ၌လည်း ထိုသို့ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ သို့ရာတွင် အဆိုပါ တာဝန်ပေးသူများကို ပံ့ပိုးပေးသည့် ယန္တရားကောင်းများ လိုအပ်ကြောင်း၊ လက်ရှိငြိမ်းချမ်းရေး ကော်မရှင်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်းပြီး အကျွမ်းတဝင်ရှိသည့်သူများ ပါဝင်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်သည့်အခါ လုပ်ငန်းစဉ် အကောင်အထည်ဖော်သည့် ယန္တရားအရေးကြီးကြောင်း၊ ပေါ်လစီတစ်ခု ချမှတ်ပြီးသည့်အခါ ပေါ်လစီအား အကောင်အထည်ဖော်မည့် လူအင်အား၊ ယန္တရားနှင့် ကျွမ်းကျင်ပညာရှင်များ လိုအပ်ကြောင်း၊ လက်ရှိတွင် Technical Body မှာ ခိုင်ခိုင်ခံ့ခံ့ မရှိသည်ကို တွေ့ရပြီး လက်ရှိ အခက်အခဲဖြစ်ကြောင်း ဒေါက်တာ မင်းဇော်ဦးက ပြောကြားသည်။

“Technical Body မရှိတဲ့အခါ ဖြစ်လာတဲ့ အကျိုးဆက်တွေမှာ အရင်တုန်းက Informal Talk (အလွတ်သဘောဆွေးနွေးမှု) ဆိုတာ အရမ်းအားကောင်းခဲ့တယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ကြည့်လို့ရှိရင် ၂၀၁၁ ကနေပြီးတော့ ၂၀၁၅ အထိ လုပ်သွားတဲ့ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တစ်ဖက်နဲ့တစ်ဖက် တွေ့ဆုံဆွေးနွေးမှု အများဆုံးက မြန်မာပြည်မှာ ဖြစ်ခဲ့တယ်။ (တွေ့ဆုံပွဲအကြိမ်ရေ) ၃၀၀၀ ကနေ ၄၀၀၀ ကြားလောက် ရှိတယ်လို့ တွက်ချက်တဲ့အခါမှာ တွေ့ရတယ်။ ဒီလိုမျိုးနှစ်ဖက်က ပုံမှန်ထိတွေ့ပြီး ပြောနေတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတွေ ရလာတယ်။ တချို့ပြဿနာတွေက စားပွဲပေါ်မှာ ရှင်းလင်းမရတဲ့ ပြဿနာတွေကို စားပွဲအပြင်ဘက်ကို ထွက်ပြီးတော့ ဘေးတိုက်လက်ဖက်ရည်သောက်ရင်း၊ ကော်ဖီသောက်ရင်းနဲ့ ပြောပြီး ရှင်းလင်းရတာ အများကြီး တွေ့လာရတယ်။ ဒါပေမဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်အသစ်မှာကျတော့ ခုနက အရင်တုန်းက အားကောင်းခဲ့တဲ့ Informal Talk တွေ အများကြီး လျော့ကျလာတာ တွေ့ရတယ်” ဟု ဒေါက်တာ မင်းဇော်ဦးက ဆိုသည်။

Most Read

Most Recent