ကုသိုလ်တော်ဘုရားနှင့် အနီးတစ်ဝိုက်တွင် မကြာခဏ အခိုးခံရမှုဖြစ်စဉ်များ ဖြစ်ပွားနေ၍ လုံခြုံရေး တိုးမြှင့်ထားရ

ကုသိုလ်တော်ဘုရားနှင့် အနီးတစ်ဝိုက်တွင် မကြာခဏ အခိုးခံရမှုဖြစ်စဉ်များ ဖြစ်ပွားနေ၍ လုံခြုံရေး တိုးမြှင့်ထားရ
Published 11 August 2017

မန္တလေးမြို့ ကုသိုလ်တော်ဘုရား အနီးတစ်ဝိုက်တွင် မကြာခဏ ခိုးခံရမှုဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် လုံခြုံရေး တိုးမြှင့်ထားရကြောင်း သိရသည်။

“ခိုးတဲ့လူတွေကလည်း ရှိနေတယ်။ အခုတစ်လောမှာ တောင်ပြုံးပွဲတော်ကြီးကလည်း ရက်ရွှေ့လိုက်တော့ အဲဒီဘက်က လောင်းရိပ်တွေက ဒီမှာအနည်းငယ် အထူးသဖြင့် အခုရက်ပိုင်းမှာ ခိုးတာပြုတာလေးတွေ ရှိနေတယ်။ ဒါ့ကြောင့် လုံခြုံရေး တိုးမြှင့်ထားရတယ်။ အရင်တုန်းက ညခြောက်ယောက်ကို အခုရှစ်ယောက် ထပ်ဖြည့်ထားရတယ်။ လုံခြုံရေး ရဲကင်းတွေကိုလည်း ညပိုင်း လှည့်လည်ပေးဖို့ အကူအညီ တောင်းထားရတယ်။ စုံတွဲတစ်တွဲဆိုရင် ည ၉ နာရီခွဲလောက်ကို အနုကြမ်းစီးခံရတဲ့အပြင် ကြိုးနဲ့တုပ်နေတုန်း လှည့်ကင်းနဲ့တွေ့လို့ ဦးတို့ ဖမ်းမိတာလည်း ရှိတယ်။ အခုရက်ပိုင်းအတွင်း ဖြစ်သွားတာပါ။ အခုက အနုကြမ်းစီးရုံတင် မကဘူး။ လူပါ ဒုက္ခပေးတဲ့အဆင့်အထိ ဖြစ်နေတယ်။ မူးမူးရူးရူးနဲ့ ရတဲ့ပစ္စည်း ယူရုံတင်မကဘူး။ လူပါ ဒုက္ခပေးတဲ့အဆင့်အထိ ရောက်နေတာကို တွေ့ရတယ်။ ရဲကင်းကိုလည်း အထူးသဖြင့် ၁၂ နာရီနဲ့ ၃ နာရီကြား မပြတ်လှည့်ပေးဖို့ အကူအညီ တောင်းထားရတယ်။ အခုရက်ပိုင်းမှာပဲ မီးတွေ ထပ်ဆင်ပြီး မီးကြိုးတွေကို ပြန်လည် တပ်ဆင်ထားတယ်။ တစ်ခွေကို ၂၂ သိန်းကျော် တန်ဖိုးရှိတဲ့ မီးကြိုးခွေ နှစ်ခွေလောက် အခိုးခံရတယ်။ သုံးကြိမ်မြောက် ခိုးတဲ့အချိန်မှာ မိလိုက်တယ်။ ဂိုဏ်းအဖွဲ့ဖွဲ့ပြီး ခိုးတဲ့ပုံစံပါပဲ” ဟု ကုသိုလ်တော်ဘုရားဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောကြားသည်။

ယခု ဇူလိုင်လကုန်ပိုင်းနှင့် သြဂုတ်လဆန်းပိုင်းအတွင်း ကုသိုလ်တော်ဘုရားတွင် တပ်ဆင်ထားသော ၂၂ သိန်းကျော် တန်ဖိုးရှိသည့် မီးကြိုးခွေများ နှစ်ကြိမ် အခိုးခံခဲ့ရကြောင်း၊ တတိယအကြိမ်မြောက်တွင် တရားခံကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရသည်။

ထို့ပြင် ကုသိုလ်တော်ဘုရားအနီးတွင် ချစ်သူစုံတွဲတစ်တွဲ အနုကြမ်း စီးခံခဲ့ရကြောင်း၊ လှည့်ကင်းရဲများမှ အချိန်မီ ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ကုသိုလ်တော်ဘုရားကို ညပိုင်းလုံခြုံရေးအင်အား ယခင်ခြောက်ဦးမှ ယခုအခါ ရှစ်ဦး ထပ်မံ အင်အားဖြည့်တင်းထားကြောင်း၊ ရဲကင်းများကိုလည်း ည ၁၂ နာရီမှ မနက် ၃ နာရီအတွင်း မပြတ်လှည့်လည် ပေးနိုင်ရန် အကူအညီတောင်းထားကြောင်း သိရသည်။

 

Most Read

Most Recent