ဘဏ်ချေးငွေရရှိလိုသည့် လုပ်ငန်းများအနေဖြင့် အပေါင်ပစ္စည်းတင်ပြနေရခြင်း၊ အတိုးနှုန်းကို ဗဟိုဘဏ်မှ ၁၃ ရာခိုင်နှုန်းအထိ ဆက်လက်ကန့်သတ်ထားခြင်းနှင့် မြေယာသိမ်းဆည်းမှုများ ရင်ဆိုင်နေရခြင်းများကြောင့် မလွယ်ကူမှုများ ဆက်လက်ဖြစ်ပေါ်နိုင်

ဘဏ်ချေးငွေရရှိလိုသည့် လုပ်ငန်းများအနေဖြင့် အပေါင်ပစ္စည်းတင်ပြနေရခြင်း၊ အတိုးနှုန်းကို ဗဟိုဘဏ်မှ ၁၃ ရာခိုင်နှုန်းအထိ ဆက်လက်ကန့်သတ်ထားခြင်းနှင့် မြေယာသိမ်းဆည်းမှုများ ရင်ဆိုင်နေရခြင်းများကြောင့် မလွယ်ကူမှုများ ဆက်လက်ဖြစ်ပေါ်နိုင်
Published 22 January 2018

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်ပသို့ အေးခဲစက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

ဘဏ်များထံမှ ချေးငွေရယူလိုသည့် လုပ်ငန်းများအနေဖြင့် ဘဏ်ချေးငွေရရှိရန် အပေါင်ပစ္စည်း တင်ပြနေရခြင်း၊ ဘဏ်ချေးငွေအတိုးနှုန်းကို ဗဟိုဘဏ်မှ ၁၃ ရာခိုင်နှုန်းအထိ ဆက်လက်ကန့်သတ်ထားခြင်းနှင့် မြေယာသိမ်းဆည်းမှုပြဿနာ ရင်ဆိုင်နေရခြင်းများကြောင့် ချေးငွေရရှိရန် မလွယ်ကူမှုများ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဖြစ်ကြောင်း Oxford Business Group မှ ပြုစုခဲ့သည့် OBG Business Barometer; Myanmar CEO Survey စစ်တမ်းတွင် ဖော်ပြထားမှုအရ သိရသည်။

မြန်မာနိုင်ငံတွင် အတိုးနှုန်းနည်းပါးသည့် ချေးငွေရယူရန် စစ်တမ်းကောက်ခံမှုအရ ချေးငွေရယူရန် လွယ်ကူသည်ဟု ထင်မြင်မှုမှာ နှစ်ရာခိုင်နှုန်းသာရှိနေပြီး ခက်ခဲမှုမှာ ၇၆ ရာခိုင်နှုန်းအထိ ရှိနေသည်။

၂၀၁၆ ခုနှစ်တွင် ဘဏ္ဍာရေးအဖွဲ့အစည်းများ ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့သော်လည်း မြန်မာနိုင်ငံသည် အများအားဖြင့် ငွေသားကိုသာ အခြေခံသည့်ဈေးကွက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး လူထု၏ ချေးငွေရယူမှုနှင့် ပတ်သက်သည့် နောက်ကြောင်းရာဇဝင်ကို မသိရှိရသဖြင့် ဘဏ်များအနေဖြင့် ချေးငွေထုတ်ပေးရန် တွန့်ဆုတ်နေကြပြီး ချေးငွေရယူလိုသည့် လုပ်ငန်းများအနေဖြင့်လည်း အတားအဆီးဖြစ်နေသည့် အတိုးနှုန်းများနှင့် ပိုင်ဆိုင်မှုပြရမည့် လိုအပ်ချက်များကြောင့် အဟန့်အတား ဖြစ်နေသည်။

သို့သော် ကြွေးမြီနှင့် ပတ်သက်၍ အစီရင်ခံရမည့် နည်းဥပဒေများကို ပြဋ္ဌာန်းခဲ့ခြင်းကြောင့် အဆိုပါအချက်သည် အနည်းငယ် ပြောင်းလဲလာနိုင်သည်။ ယင်းနည်းဥပဒေများကို ပြဋ္ဌာန်းလိုက်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ပထမဆုံးသော ချေးငွေဆိုင်ရာသတင်း အချက်အလက်ဌာန (Credit Bureau) ကို တည်ထောင်နိုင်ရန် လမ်းဖွင့်ပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း မှရရှိသည့် သတင်းများအရ အဆိုပါဌာနသည် ၂၀၁၈ ခုနှစ်အတွင်း စတင်လည်ပတ်နိုင်မည် ဖြစ်သည်။

သို့သော် ဘဏ်ချေးငွေများအပေါ် ဗဟိုဘဏ်က အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ဆက်လက်ကန့်သတ်ထားခြင်း၊ ဘဏ်များအနေဖြင့် ပိုင်ဆိုင်မှုပြပစ္စည်း(အများအားဖြင့် မြေ၊ ရွှေ သို့မဟုတ် အခြားအဖိုးတန်ပစ္စည်းတို့ကို တင်ပြရခြင်း) တင်ပြနိုင်မှသာ ချေးငွေထုတ်ပေးခြင်းစသည့် ကြီးလေးသောလိုအပ်ချက်များနှင့် တောင်းဆိုချက်များကြောင့် တစ်ဦးချင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး ဒေါ်လာ ၁၂၇၅ သာရှိနေသည့် ဆယ်စုနှစ်များစွာ မြေယာများသိမ်းဆည်းခြင်းကို ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ၏ လူဦးရေအများစုမှာ အဆိုပါ ချေးငွေအား ရယူနိုင်မည့် အခြေအနေတွင် မရှိနေကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှ စတင်၍ လုပ်ငန်းလုပ်ဆောင်နေသည့် နိုင်ငံခြားဘဏ်များအနေဖြင့် နိုင်ငံသားပိုင်ဘဏ္ဍာ ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အထူးစီးပွားရေးဇုန်များတွင် ဘဏ်ခွဲများဖွင့်လှစ်ခွင့်ကို မကြာသေးမီက ရရှိထားပြီးဖြစ်သော်လည်း တစ်ဦးချင်းစီအတွက် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများပေးအပ်ခြင်း သို့မဟုတ် နိုင်ငံသားပိုင် ကုမ္ပဏီများသို့ တိုက်ရိုက်ချေးငွေပေးအပ်ခြင်းမပြုရန် လက်ရှိတွင် ပိတ်ပင်ခံထားရခြင်း အဆိုပါကန့်သတ်ချက်များကို ဖြေလျှော့ပေးမှသာ စစ်မှန်သည့်ဈေးကွက်ကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် ပြည်တွင်းရှိ ပို့ကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံခြားဘဏ်များမှ ပို့ကုန်ချေးငွေနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပေးအပ်ရန် ဗဟိုဘဏ်ကစတင်ခွင့်ပြုတော့မည်ဖြစ်ပြီး ပို့ကုန်ချေးငွေနှင့် ပို့ကုန်လုပ်ငန်းနှင့်ဆက်စပ်သည့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပေးအပ်လိုသည့် နိုင်ငံခြားဘဏ်များ အနေဖြင့် ဗဟိုဘဏ်သို့ လုပ်ငန်းဆောင်ရွက်လိုကြောင်း တင်ပြ၍ အတည်ပြုချက်ရယူရမည်ဖြစ်ကြောင်း ညွှန်ကြားချက်ကို ဗဟိုဘဏ်က ထုတ်ပြန်ပေးထားသည်။

ထို့ပြင် ပုဂ္ဂလိကကဏ္ဍတွင် ဖြစ်ပေါ်နေသော လက်ရှိအခက်အခဲများကိုဖြေရှင်း နိုင်ရန်အတွက် ချေးငွေအပေါ် အတိုးနှုန်းလျှော့ချပေးရန် (Maximum Bank Leanding Rate) Manimum ကိုလက်ရှိ ၁၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း သို့လျှော့ချပေးရန်နှင့် ဘဏ်အပ်ငွေအပေါ် အတိုးနှုန်း(Maximum Bank Leanding Rate) ကို လက်ရှိ ရှစ်ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းသို့  လျှော့ချပေးရန် လုပ်ငန်းရှင်များမှ တင်ပြမှုအပေါ် ကုန်သည်စက်မှုအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးက ပုဂ္ဂလိကကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွား ရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ (၁၃ ကြိမ်မြောက်) တွင် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦစိုးသိန်းသို့ တင်ပြထားသည်။

Most Read

Most Recent