YBS တွင်ပြေးဆွဲနေသည့် Mini Bus ယာဉ်များနေရာတွင် ကားအသစ်များဖြင့် အစားထိုးပြေးဆွဲရန် စီစဉ်နေဟုဆို

YBS တွင်ပြေးဆွဲနေသည့် Mini Bus ယာဉ်များနေရာတွင် ကားအသစ်များဖြင့် အစားထိုးပြေးဆွဲရန် စီစဉ်နေဟုဆို
Published 22 January 2018

YBS တွင်ပြေးဆွဲနေသည့် Mini Bus ယာဉ်များနေရာတွင် ကားအသစ်များဖြင့် အစားထိုးပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

“Mini Bus  မြို့ထဲကိုဝင်တာ လက်မခံတော့ဘူး။ Mini Bus က တစ်ထောင်ဝန်းကျင် လောက်ရှိသေးတယ်။ အဲဒီနေရာမှာ ကားအသစ်တွေ အစားထိုးမယ်။ မြို့ထဲဝင်တာကို ခွင့်မပြုတော့ဘဲ ဆင်ခြေဖုံးတွေမှာ ခွင့်ပြုသွားမှာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်ထိ YBS ၉၃ လိုင်းခွင့်ပြု ထားပြီးဖြစ်ကြောင်း၊ ကားသစ်တွေက ထပ်မံပြေးဆွဲမည်ဆိုပါက လိုင်းပေါင်း ၁၀၀ ကျော် ဖြစ်လာနိုင်ကြောင်း  ဒေါက်တာမောင်အောင်က ပြောကြားသည်။

“ကားဟောင်းတွေဖယ်မယ်။ ကားသစ်တွေနဲ့ပြေးမယ်။ ဘာဖြစ်လို့လဲ ဝန်ဆောင်မှု သုံးချက်ပေါ့ ဘေးကင်းလုံခြုံမှုရှိရမယ်။ ဒုတိယ အချက်က သက်သောင့်သက်သာရှိရမယ်။  တတိယအချက်က မြင်သာထင်သာရှိရမယ်။ ပြောချင်တာက အဲဒါဖြစ်မှ ခရီးသည်က ဝန်ဆောင်မှုကောင်းကိုရမှာ အရင်ကဆိုရင် ဘေးကင်းလုံခြုံမှုမရှိဘူး။ ကားတွေက စုတ်ပြတ်နေတယ်။ ဆက်ဆံမှုမကောင်းဘူး။ ယာဉ်မောင်းတွေကလည်း မောင်းတာကြမ်းတယ်။ ဒါကြောင့် ဘက်ပေါင်းစုံကိုလုပ်နေတာ။ အချို့ဘတ်စ်ကားတွေမှာ ရှိသေးတယ်။ ကားကိုရပ်ချင်တဲ့နေရာ ရပ်တယ်။ ယာဉ်စီးခ ၂၀၀ ပြောတယ်။ ၃၀၀ တောင်းရင် တောင်းမယ်။ အများပိုင်ကုမ္ပဏီဖြစ်သွားရင် ဒါတွေက မတွေ့ရတော့ပါဘူး။ အခုဆိုရင် ကတ်စနစ်ကိုလည်း လုပ်နေတဲ့အတွက် အကြွေရှားပါးတာ မဖြစ်တော့ဘူး။  ဆရာတို့လက်ထဲမှာလည်း ကားသစ်တွေရှိသေးတယ်။ အဲဒါကို မကြာခင်ကားဟောင်းကိုဖယ်မယ်။ ကားသစ်တွေထည့်မယ်။ လိုင်းသစ်တွေလည်း ထပ်မံလုပ်သွားမယ် အားလုံးကိုခြုံလိုက်ရင်တော့ ၇၀ ရာခိုင်နှုန်းလောက် အောင်မြင်တယ်ပြောရမယ်” ဟု ၎င်းက ဆိုသည်။

YBS စနစ်အတွက် ကုမ္ပဏီပိုင်ဖြစ်ရေးနှင့် ကားရပ်နားကွင်များ ဖော်ထုတ်ရေးတို့ကို ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့နှင့် YBS တာဝန်ရှိသူများက ဇန်နဝါရီ ၁၆ရက်က Sky Star  ဟိုတယ်တွင် ပြုလုပ်သည့် YRTA နှင့် YBS တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ပြောကြားသည်။

ယာဉ်လိုင်းများ ပေါင်းစည်းရေးနှင့် ကုမ္ပဏီများ ပေါင်းစည်းရေးတွင် အများပိုင် စနစ်အား အကောင်အထည်ဖော်ရန်အတွက် ယာဉ်အင်အားစာရင်းကို အတည်ပြုကန့်သတ် ဆောင်ရွက်ခြင်း၊ ယာဉ်များအားရာဖြတ် (တန်ဖိုးဖြတ်)ဆောင်ရွက်ခြင်းနှင့် ယာဉ်ပြေးဆွဲရာ လမ်းကြောင်းများအား ပြန်လည်သုံး သပ်ခြင်းတို့ပါဝင်ကြောင်း သိရသည်။