နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ထုတ်လုပ်ထားသော အစားအသောက်များ စည်းကမ်းချက်နှင့် ကိုက်ညီမှု ရှိမရှိ FDA က ရှောင်တခင် စစ်ဆေး

နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ထုတ်လုပ်ထားသော အစားအသောက်များ စည်းကမ်းချက်နှင့် ကိုက်ညီမှု ရှိမရှိ FDA က ရှောင်တခင် စစ်ဆေး
Published 21 January 2018

ဇန်နဝါရီလ ဒုတိယပတ်အတွင်းက FDA (မွန်ပြည်နယ်) က မော်လမြိုင်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် မိခင်နို့အစားထိုးပစ္စည်းများနှင့် အစားအသောက်များကို ရှောင်တခင် စစ်ဆေးစဉ်

ဈေးကွက်အတွင်းရှိ နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ စည်းကမ်းချက်နှင့် ကိုက်ညီမှုရှိမရှိ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မွန်ပြည်နယ်) က စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာ အမိန့်စာပါ စည်းကမ်းချက်များကို ထုတ်ပြန် ကြေညာထားကြောင်း၊ ယင်းအမိန့်စာကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့က အမိန့်ကြော်ငြာစာအမှတ် ၂၂/ ၂၀၁၄ ဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်းနှင့် ယင်းအမိန့်စာတွင် အရည်အသွေး အာမခံချက်၊ အမှတ်တံဆိပ်ကပ်ခြင်း၊ ဈေးကွက်တင်ခြင်း၊ သတင်းအချက်အလက်နှင့် ပညာပေးခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အရေးယူခြင်းဆိုင်ရာ အချက်အလက်များ ပါဝင်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မိခင်နို့အစားထိုးပစ္စည်း၊ ဖော်စပ်စာများနှင့် ပတ်သက်၍အခါ အားလျော်စွာ စစ်ဆေးလျက်ရှိကြောင်းနှင့် မိခင်နို့အစားထိုးပစ္စည်း၊ ဖော်စပ်စာများကို ‘နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာ အမိန့်စာ’ ပါ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။

နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာကို ၂၀၁၄ခုနှစ် ဇူလိုင် ၂၄ ရက်က ပြဋ္ဌာန်းခဲ့ပြီး အမျိုးသား အစားအသောက်ဥပဒေမှ အပ်နှင်းသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းချက်အရ အစားအသောက် ထုတ်လုပ်ခြင်း၊ ပြည်ပသို့ တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း (သို့မဟုတ်) ရောင်းချခြင်း ပြုလုပ်သူမည်သူမဆို ပုဒ်မ ၂၅ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူအား ထောင်ဒဏ် သုံးနှစ်အထိဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံးကျပ် သုံးသိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ၊ မိခင်နို့ရည်အစားထိုး အစာများကို ပင်ရင်းဖြန့်ချိသော နေရာတွင်လည်းကောင်း၊ တစ်ဆင့်ခံ အရောင်းဆိုင်များတွင်လည်းကောင်း ရောင်းအားမြှင့်တင်ရန် အထူးခင်း ကျင်းပြသခြင်း (သို့မဟုတ်) ပြိုင်ပွဲများ ပြုလုပ်ခြင်း တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဆွဲဆောင်စည်းရုံးခြင်း၊ အားပေးတိုက်တွန်းခြင်း၊ သုံးစွဲရန်ညွှန်းဆိုခြင်း၊ လျှော့ဈေးဖြင့်ရောင်းခြင်း၊ လျှော့ဈေးကူပွန်များပေးခြင်း၊ ဝယ်ယူလျှင်လက်ဆောင်၊ ကံစမ်းမဲတစ်ခုခုပေးခြင်း၊ ဝယ်သူအား တစ်နည်းနည်းဖြင့် အကျိုးခံစားခွင့် ပြန်ပေးခြင်း၊ ပြည်သူလူထုသိရှိရန် စာနယ်ဇင်း၊ ရေဒီယို၊ ရုပ်သံတို့ အသုံးပြု၍ဖြစ်စေ၊ အီလက်ထရွန်နစ်နည်းပညာတစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ ကြော်ငြာဆိုင်းဘုတ်များ လမ်းဖြတ်နဖူးစည်း စာတန်းများ၊ ကြော်ငြာအလံများ၊ ဗီနိုင်း၊ ပိုစတာ၊ လက်ကမ်းစာစောင်များ စသည်တို့အပြင် ယင်းတို့နှင့် အလားတူပစ္စည်းများ အသုံးပြု၍ဖြစ်စေ၊ အနုပညာရှင်များ၊ အားကစားသမားများ စသည့် လူသိများထင်ရှား ကျော်ကြားသူများနှင့် ယင်းတို့၏ မိသားစုများမှတစ်ဆင့်ဖြစ်စေ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ သတင်းအချက်အလက်ပေးခြင်း စသည့်အချက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့က တားမြစ်ထားကြောင်း သိရသည်။

Most Read

Most Recent