ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမှ မြန်မာ-ထိုင်းနယ်စပ် ထီးခီးအထိ ဖောက်လုပ်ထားသော မြေသားလမ်းပိုင်းကို နှစ်လမ်းသွားကတ္တရာလမ်းအဖြစ် ဖောက်လုပ်ရန် ယခုနှစ်အတွင်း အကောင်အထည်ဖော်မည်

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမှ မြန်မာ-ထိုင်းနယ်စပ် ထီးခီးအထိ ဖောက်လုပ်ထားသော မြေသားလမ်းပိုင်းကို နှစ်လမ်းသွားကတ္တရာလမ်းအဖြစ် ဖောက်လုပ်ရန် ယခုနှစ်အတွင်း အကောင်အထည်ဖော်မည်
Published 21 January 2018

ထားဝယ်စီမံကိန်းမှ မြန်မာ-ထိုင်းနယ်စပ် ထီးခီးအထိ ဖောက်လုပ်ထားသော ထားဝယ်-ထီးခီးလမ်းနှင့် အလတ်စားစက်မှုဇုန် တည်ဆောက်မည့်နေရာကို တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမှ မြန်မာ-ထိုင်းနယ်စပ် ထီးခီးအထိ ဖောက်လုပ်ထားသော မြေသားလမ်းပိုင်းကို နှစ်လမ်းသွားကတ္တရာလမ်းအဖြစ် ဖောက်လုပ်ရန် ယခုနှစ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်ပြီး ယင်းလမ်းပိုင်းမှာ ထားဝယ်စီမံကိန်းအတွက် အရေးကြီးကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်းနယ်စပ်(ထီးခီး)အထိ ဖောက်လုပ်ထားသော မိုင် ၁၀၀ ခန့် အရှည်ရှိ ထားဝယ်-ထီးခီး မြေသားလမ်းကို ထိုင်းနိုင်ငံ၏ နံပါတ် ၄ အဆင့်ရှိ နှစ်လမ်းသွားကတ္တရာလမ်းမအဖြစ် အဆင့်မြှင့်တင်ရန်ဖြစ်ပြီး ယင်းအတွက် ထိုင်းနိုင်ငံမှချေးငွေရယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၁၈ ခုနှစ်အတွင်း အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်နေကြောင်း၊ ဒုတိယ ဦးစားပေးအဖြစ် စက်မှုဇုန်များအတွက် လိုအပ်သည့် လျှပ်စစ်ထုတ်လုပ်မည့်လုပ်ငန်းဖြစ်ပြီး တတိယဦးစားပေးအနေဖြင့် စီမံကိန်းအတွက် လိုအပ်သည့်ပစ္စည်းများကို သယ်ယူနိုင်ရန်တန်ချိန် ၂၀၀၀၀ အထိ ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းငယ်တစ်ခု ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ၎င်းလုပ်ငန်းသုံးခုပြီးဆုံးမှသာ အလတ်စားစက်မှုဇုန်တစ်ခု စတင်တည်ဆောင်မည်ဖြစ်ပြီး ယခုအချိန်တွင် ပထမဦးစားပေးအဖြစ် ထားဝယ်- ထီးခီးလမ်းကို တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ရာ စီမံကိန်းအတွက် Master Plan ကို မေလတွင် ရေးဆွဲပြီးစီးမည် ဖြစ်သောကြောင့် ထိုအချိန်တွင် စီမံကိန်း၌မည်သည့် Project များ ဆောင်ရွက်မည်နှင့် မည်သည့်နိုင်ငံကို တင်ဒါခေါ်ယူ မည်ဆိုသည်ကို ထားဝယ်အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် အထက်အဖွဲ့အစည်းများ တိုင်ပင်ဆွေးနွေး၍ ဆောင်ရွက်သွားမည်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုဥက္ကဋ္ဌ(၂) ဖြစ်သည့် ဒေါက်တာမြင့်ဆန်းက ပြောကြားသည်။

“အီတာလျံ-ထိုင်း (ITD) ကုမ္ပဏီနဲ့ လုပ်နေတာ Project စုစုပေါင်း ကိုးခုပါတယ်ပေါ့နော်။ အဲဒီ Project ကိုးခုမှာ ဦးစားပေးအနေနဲ့ Project သုံး၊ လေးခုလောက် ရွေးထားတာပေါ့နော်။ နံပါတ် ၁ ကတော့ လမ်းဖောက်လုပ်မှုပါ။ ထားဝယ်အထူးစီးပွားရေးဇုန်ကနေပြီးတော့ ထိုင်းနိုင်ငံ ထီးခီးပေါ့နော်။ ဒါ နံပါတ် ၁ အရေးကြီးပါတယ်။ ဒီလမ်းကြီး ပေါ်ပေါက်လာမှ ဒီ SEZ ကလည်း အဆင်ပြေမှာပါ။ နံပါတ် ၂ ကတော့ မီးရရှိရေး၊ နံပါတ် ၃ အနေနဲ့တော့ Small Port လို့ခေါ်တဲ့ ဆိပ်ကမ်းပေါ့နော်။ အဲဒါတွေပေါ်ပေါက်လာမှ ကျွန်တော်တို့ စက်မှုဇုန်ကိုစဖို့ဆိုပြီး အစီအစဉ်ရှိပါတယ်။ ဒါကတော့ Initial Phase (ကနဦးအဆင့်)အပိုင်းပါ။ ဒုတိယပိုင်းကတော့ Full Phase လို့ခေါ်တဲ့ ဧရိယာအကျယ်ကြီးပေါ့နော်။ ကျန်ရှိတဲ့ အပိုင်းကတော့ ဒီ Project ကြီးက သုံးနိုင်ငံပေါ့။ ထိုင်းရယ်၊ မြန်မာရယ်၊ ဂျပန်ရယ်။ ဂျပန်ကနေပြီးတော့ Full Phase ပိုင်းမှာ ဘာဆွဲနေလဲဆိုတော့ Master Plan ဆွဲနေပါတယ်။ ဒီ Master Plan ကလည်း လာမယ့် ၂၀၁၈ ခုနှစ် မေလလောက်မှာပြီးမယ်ပေါ့နော်။ ပြီးတာနဲ့ဘယ် Project တွေ ဦးစားပေးလုပ်မယ်။ Developer တွေကို ဖိတ်ခေါ်မှာပေါ့နော်။ ဒါဆိုရင် ဒီ ၂၀၁၈ ခုနှစ်ထဲမှာ လုပ်ငန်းတွေက ပြန်လည်စတင်ဖို့ ရှိပါတယ်” ဟု ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းစီမံခန့်ခွဲမှုကော်မတီ ဒုဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်းက ပြောကြားသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း စတင်ခဲ့သည့်အချိန်က ၎င်းထားဝယ်-ထီးခီး မြေသားလမ်းဖောက်လုပ်မှုနှင့် ပတ်သက်၍ မြေယာလျော်ကြေးပေးချေမှုနှင့် တစ်နေရာနှင့်တစ်နေရာ မတူညီခြင်းနှင့် လျော်ကြေးငွေနည်းပါးခြင်းစသည့် ပြဿနာများကြောင့် ဒေသခံများနှင့် စီမံကိန်း အကောင်အထည်ဖော်သူများအကြား မကြာခဏ ပြဿနာများ ဖြစ်ပွားခဲ့ဖူးသည်။

“စီမံကိန်းက ရှေ့ကလုပ်သွားတဲ့ ပုံစံအတိုင်းဆို တော်တော်လေး စိုးရိမ်ရတယ်။ အခုနောက်ထပ်စမယ် ဆိုရင်တော့ အရင်ကလုပ်သွားတဲ့ပုံစံမျိုး မဟုတ်ဘဲနဲ့ ရှင်းရှင်းလင်းလင်း ရှိရင်တော့ စီမံကိန်းကစလို့ ရတယ်။ ထိခိုက်နစ်နာမှုအပေါ်မှာ အကောင်အထည် ဖော်စေချင်တယ်။ အခုက လမ်းပိုင်းပဲ အကောင်အထည်ဖော်မယ်ပြောလို့ လမ်းပိုင်းရှိမှစီမံကိန်း စလို့ရမှာတဲ့။ ကျွန်တော်တို့ သိတာက လမ်းပိုင်းကိုလုပ်တဲ့ အချိန်ကျတော့ လမ်းပိုင်းအပေါ်မှာပဲလုပ်ပြီးရင် ကျန်တဲ့လမ်းနဲ့ ဆက်စပ်တဲ့နေရာတွေ ထိခိုက်နစ်နာရင် ကူညီဖြေရှင်း ပေးစေချင်တယ်ပေါ့။ လက်ရှိ အစိုးရကတော့ ကူညီဖြေရှင်းပေးမယ်လို့ ပြောထားတယ်” ဟု Initial Phase အတွက် အလတ်စားစက်မှုဇုန် တည်ဆောက်မည့် စီမံကိန်းအနီးရှိ ပုဂေါဇွန်းရွာမှ ဦးရီစွမ်က ပြောကြားသည်။

အဆိုပါ ကိစ္စရပ်အပေါ်တွင် “လမ်းကတော့အခု လောလောဆယ် ဖောက်မှာက လက်ရှိနေတဲ့လမ်းကို Upgrade လုပ်မှာပါ။ လမ်းကြောင်းသစ်မရှာတော့ဘူးပေါ့။ လမ်းကြောင်း သစ်မရှာဘဲ ဖောက်မယ်။ အဲဒီမှာ မလွတ်တဲ့ရွာတွေဆိုရင် လျော်ကြေးက မြန်မာအစိုးရ လျော်ပေးရမယ်။ လျော်တဲ့အခါကျရင် အရင်တုန်းက ထုံးစံအတိုင်းပဲ စံချိန်စံညွှန်းမရှိဘူး။ ညှိနှိုင်းပြီးတော့ လျော်ခဲ့တာပေါ့။ အဲဒီအတွက် ပြဿနာရှိတယ်။ အခုက ဒီလမ်းကို Upgrade လုပ်မယ်ဆိုရင် လမ်းနဲ့ မလွတ်တဲ့ရွာ ဘယ်နှရွာရှိလဲ။ အိမ်ထောင်စုဘယ်နှစုရှိလဲ။ အဲဒါတွေကို ကျွန်တော်တို့က ERM လို့ခေါ်တဲ့ အဖွဲ့အစည်းရှိတယ်။ သူတို့က မြေယာလျော်ကြေးတို့ ပြန်လည်နေရာချထားရေးတို့မှာ နိုင်ငံတကာ ကျင့်ထုံးကျင့်နည်းတို့နဲ့ လုပ်တာ။ အဲဒီအဖွဲ့ကို တိုင်ပင်မယ်” ဟု ဒေါက်တာမြင့်ဆန်းက ပြောကြားသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်၍ အတိတ်ကာလ၌ အမှားအယွင်းများနှင့် ပြဿနာများဖြစ်ခဲ့ပြီး အဓိကအားဖြင့် မြေယာလျော်ကြေးနှင့် မြေသိမ်းမှုများ ဆောင်ရွက်ရာတွင် ယခင်က နိုင်ငံတကာ လုပ်ထုံးလုပ်နည်း စံချိန်စံညွှန်းနှင့်မညီဘဲ ဆောင်ရွက်ခဲ့ခြင်းများမှာ အဓိက မှားယွင်းချက်ဟု ထင်ကြောင်း၊ အတိတ်ကို ပြန်သွားမည်ဆိုပါက ဖြေရှင်းရန် ၎င်းတို့အတွက် ကန့်သတ်ချက်များ ရှိနေသောကြောင့် အတိတ်ကိုပြန်မသွားတော့ဘဲ ဒေသခံများ နစ်နာနေမှုများကို အနည်းဆုံးဖြစ်အောင် မည်သို့ဆောင်ရွက်ရမည်နှင့် ယခင်က နစ်နာခဲ့သည်များကိုလည်း အီတာလျံ - ထိုင်း ကုမ္ပဏီနှင့်ပူးပေါင်း၍ မည်သို့ဖြေရှင်းမည်ဆိုသည်ကို ၎င်းတို့ အဖြေရှာနေကြောင်း၊ အချို့ကိစ္စရပ်များမှ ၎င်းတို့မသိရှိသည်များ ရှိနေသောကြောင့် နစ်နာသူများအနေဖြင့် သက်ဆိုင်ရာ အထောက်အထားများဖြင့် ၎င်းတို့ထံ တင်ပြပေးပါက ဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လက်ရှိတွင်လည်း တင်ပြလာမှုများကို ဖြေရှင်းဆောင်ရွက်ပေးနေကြောင်း ဒေါက်တာမြင့်ဆန်းက ဆက်လက် ပြောကြားသည်။

ထားဝယ်အထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်းနယ်စပ် ထီးခီးအထိ မြေသားလမ်းအဖြစ် ဖောက်လုပ်ထားသော ထားဝယ်-ထီးခီး နှစ်လမ်းသွား ကတ္တရာလမ်းမ Project မှာ ကနဦး အဆင့်စီမံကိန်းအတွင်း ပါဝင်ပြီး စတင်တာဝန်ယူသည့်အချိန်မှစ၍ အရေးအကြီးဆုံး ဦးစားပေး လုပ်ငန်းတွင်ပါဝင်ကြောင်း၊ ၎င်းလမ်းပိုင်းကို ITD ကုမ္ပဏီက တာဝန်ယူ ဖောက်လုပ်ရန် ဖြစ်သော်လည်း ကုမ္ပဏီဘက်မှ ဘဏ္ဍာငွေမလုံလောက်မှုကြောင့် ဖောက်လုပ်ရန် အခက်အခဲရှိသဖြင့် ထိုင်းအစိုးရဘက်မှ ချေးငွေထုတ်ပေးမည်ဖြစ်ပြီး မြန်မာအစိုးရဘက်မှ ယင်းချေးငွေဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း၊ ချေးငွေအတွက် အတိုးနှုန်းမှာ နိုင်ငံတကာမှ သတ်မှတ်ထားသည့်နှုန်းထားဖြစ်သောကြောင့် လက်ခံနိုင်သည့် အနေအထား ရှိသော်လည်း ၎င်းချေးငွေဖြင့် ဆောင်ရွက်ပါက သတ်မှတ်ချက်အရ ထိုင်းကုမ္ပဏီများသာ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများကို တင်ဒါခေါ်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် ၎င်းချေးငွေချေးယူရန် မူအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ချေးယူ၊ မယူဆိုသည်မှာ မပြီးပြတ်သေးသည့် အနေအထားရှိကြောင်း သိရသည်။

Most Read

Most Recent