ဈေးသည်များ၏ အခက်အခဲများကို မကွေးတိုင်းဝန်ကြီးချုပ်က ဖြေရှင်ပေးရန် မန်းရွှေစက်တော် ပွဲတော် စောင်းတန်းဈေးသည်များက ဒုတိယအကြိမ်အဖြစ် ပွဲတော်ဖွင့်ပွဲအပြီး ဆန္ဒထုတ်ဖော်

ဈေးသည်များ၏ အခက်အခဲများကို မကွေးတိုင်းဝန်ကြီးချုပ်က ဖြေရှင်ပေးရန် မန်းရွှေစက်တော် ပွဲတော် စောင်းတန်းဈေးသည်များက ဒုတိယအကြိမ်အဖြစ် ပွဲတော်ဖွင့်ပွဲအပြီး ဆန္ဒထုတ်ဖော်
Published 21 January 2018

ဈေးသည်များ၏ အခက်အခဲများကို မကွေးတိုင်းဝန်ကြီးချုပ်က ဖြေရှင်ပေးရန် မန်းရွှေစက်တော်ပွဲတော် စောင်းတန်းဈေးသည် ၁၀၀ ခန့်က ဒုတိယအကြိမ်အဖြစ် ပွဲတော်ဖွင့်ပွဲအပြီး ဇန်နဝါရီ ၂၁ ရက် နံနက် ၁၁ နာရီက အသစ်ဖွင့်လှစ်ခဲ့သည့် လှေတင်တံတားအနီးတွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

မန်းရွှေစက်တော်ဘုရား အထက်စက်တော်ရာသို့ တက်ရောက်သည့် စောင်းတန်းတစ်လျှောက် ယာဘက်ခြမ်းကို ဘုရားဂေါပကအဖွဲ့က သံဆန်ကာများ ကာရန်ခဲ့ကြောင်း ထို့ကြောင့် မန်းရွှေစက်တော် ပွဲတော်ချိန်တွင် နှစ်စဉ်နှစ်တိုင်း ဈေးရောင်းလာသည့် စောင်းတန်းဈေးသည်များ အတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း ထို့ကြောင့် ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း စောင်းတန်းဈေးသည်များက မင်းဘူးမြို့တွင် ဆန္ဒပြခဲ့ကြကြောင်း သို့သော် ဂေါပကအဖွဲ့နှင့် မကွေးတိုင်းဝန်ကြီးချုပ်တို့က ဈေးသည်များ၏ အခက်အခဲများကို ဖြေရှင်းမပေးသောကြောင့် ဒုတိယအကြိမ်အဖြစ် ပွဲတော်ဖွင့်ပွဲနေ့တွင် ဆန္ဒပြခဲ့ကြောင်း ထိုဆန္ဒပြပွဲတွင် အောက်စက်တော်ရာ တန်စောင်းအောက်ခြေပတ်လည်တွင် နှစ်စဉ်ဈေးရောင်းခဲ့ပြီး ယခုနှစ်မှ အနှင်ခံရသည့် ဈေးသည်များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ စောင်းတန်းမှာ ဈေးရောင်လာတာ ဆယ်နှစ်လောက်ရှိပါပြီ။ အရင်က ဂေါပကတွေ ဘယ်လိုပဲပြောင်းပြောင်း ကျွန်မတို့ဈေးဆိုင်တွေ မရွှေ့ခဲ့ရပါဘူး။ အခုနှစ်မှာ သံဆန်ကာတွေ ကာထားလို့ ကျွန်မတို့ဈေးသည်တွေ ဈေးထွက်လို့မရပါဘူး။ ဂေါပကအဖွဲ့က ပြောင်းဖွင့်ခိုင်းတဲ့ စောင်းတန်းဘက်က မျောက်တောင်မလျှောက်ပါဘူး” ဟု စောင်းတန်းဈေးသည် မဂွမ်းပုံက ပြောကြားသည်။

စောင်းတန်းဈေးသည်များ၏ အခက်အခဲများနှင့်ပတ်သက်၍ ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းလှိုင်အား Eleven Media Group က မေးမြန်းခဲ့ရာ စောင်းတန်းလေးသွယ်စလုံးတွင် ဘုရားဖူးများ လွတ်လပ်စွာ သွားလာနိုင်ရန် ယာဘက်စောင်းတန်းကို သံဆန်ကာများ ကာရံခဲ့ခြင်းဖြစ်ကြောင်း အောက်စက်တော်ရာဝန်းကျင်မှ ဈေးသည်များကို နေရာပြောင်းရွှေ့ရခြင်းသည်လည်း ကားလမ်းပိတ်ဆို့မှုများ မဖြစ်စေရန်အတွက်ဖြစ်ကြောင်း ဝဲဘက်စောင်းတန်းများတွင် ဈေးသည်များအတွက် နေရာချထားပေးမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ သို့သော် နေရာအသစ်သို့ ပြောင်းရွှေ့ရပါက ဘုရားဖူးအများစု မလျှောက်သည့် နေရာဖြစ်သောကြောင့် ဈေးသည်များအတွက် အခက်အခဲဖြစ်နေကြောင်း ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည့် ဦးအောင်တင်က ပြောကြားသည်။

“ဈေးသည်တွေမှာ အခက်အခဲတွေ ရှိနေပါတယ်။ ပြည်သူကို မျက်နှာမူရမှာ ဖြစ်ပါတယ်။ ပြည်သူကိုကျောခိုင်းတဲ့ကိစ္စဟာ ဒီမိုကရေစီစံ၊ ဒီမိုကရေစီ ယဉ်ကျေးမှုနဲ့လည်း လုံးဝကိုက်ညီမှု မရှိပါဘူး။ ဒါကြောင့် ဒီမိုကရေစီစံ၊ ဒီမိုကရေစီ ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ လူကြီးလူကောင်းတွေ၊ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ လိုအပ်နေပြီဆိုတာလည်း ဒီနေရာကနေ ပြောချင်ပါတယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည့် ဦးအောင်တင်က ပြောကြားသည်။

မန်းရွှေစက်တော်ပွဲတော် ဖွင့်ပွဲအပြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုအား ဈေးသည်များ ကိုယ်စားတွေ့ဆုံ တင်ပြခွင့်တောင်းခဲ့သော်လည်း မရရှိသောကြောင့် ဆက်လက်ဆန္ဒပြရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အောက်စက်တော်ရာတန်စောင်း အောက်ခြေပတ်လည်တွင် နှစ်စဉ်ဈေးရောင်းခဲ့ပြီး ယခုနှစ်တွင်မှ အနှင်ခံရသည့် ဈေးသည် မသန်းသန်းဦးက “ကျွန်မတို့ ဒီနေရာလေးမှာပဲနေပြီး ဈေးရောင်းလာတာ နှစ်ပေါင်း ၂၀ လောက်ရှိပါပြီ။ ဒီနားမှာပဲနေ၊ ဒီနားမှာပဲ ရောင်းခဲ့တာပါ။ ဒီနားမှာပဲအိပ်ပြီး သူတို့ထားတဲ့ စည်းကမ်းတိုင်းလည်း နေပါတယ်။ မနေ့ကကျတော့ ပစ္စည်းတွေကို ဆွဲရုန်းတင်သွားတော့ ညတုန်းက ကျွန်မတို့အိပ်ဖို့လည်း ခဲယဉ်းပါတယ်။ နေဖို့လည်း ခဲယဉ်းပါတယ်” ဟု ပြောကြားသည်။

ဆန္ဒပြသူများသည် လှေတင်တံတားအနီး သုံးမိုင်ကားလမ်း၏ ယာဘက်နံဘေးတွင် တန်းစီ၍ “ဈေးသည်များ၏ အခက်အခဲများကို မကွေးတိုင်းဝန်ကြီးချုပ်က ဖြေရှင်းပေးရေး တို့အရေး”၊ “ဈေးသည်များ၏ ထမင်းအိုးကို ရိုက်မခွဲပါနှင့်”၊ “မန်းရွှေစက်တော် စောင်းတန်းဈေးသည်များ မူလနေရာပြန်လည်ရောင်းချခွင့် ရရှိရေး”၊ “တရားနည်းလမ်းကျကျ မျှမျှတတ စီမံဆောင်ရွက်နိုင်သော မန်းရွှေစက်တော် ဂေါပကဥက္ကဋ္ဌ ပြန်လည်းရွေးချယ်ပေးရေး” စသည့် ဗီနိုင်းဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ကြပြီး ဈေးသည်များ၏ အခက်အခဲများကို မကွေးတိုင်းဝန်ကြီးချုပ်က ဖြေရှင်းပေးရေး တို့အရေးဟု ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။

မန်းရွှေစက်တော်ပွဲတော်တွင် ဈေးသည်များ၏ ဆန္ဒပြမှုသည် ယခုနှစ်တွင်မှ စတင်ဖြစ်ပေါ်လာကြောင်း ရွှေစက်တော်ပွဲတော်တွင် ဆန္ဒပြခြင်းသည်လည်း အဆိုပါဆန္ဒပြပွဲသည် ပထမဆုံးဖြစ်ခဲ့ကြောင်း ဈေးသည်များက ၎င်းတို့၏အခက်အခဲများကို တာဝန်ရှိသူများက ဖြေရှင်းပေးသည်အထိ ဆက်လက် တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent