ပုဏ္ဏားကျွန်းမြို့နယ်တွင် စပါးတောင်း ၇၀၀ ခန့် တင်ဆောင်လာသော စက်လှေနစ်မြုပ်ရာ ငါးဦးလွတ်မြောက်ပြီး တစ်ဦးပျောက်ဆုံးလျက်ရှိ

ပုဏ္ဏားကျွန်းမြို့နယ်တွင် စပါးတောင်း ၇၀၀ ခန့် တင်ဆောင်လာသော စက်လှေနစ်မြုပ်ရာ ငါးဦးလွတ်မြောက်ပြီး တစ်ဦးပျောက်ဆုံးလျက်ရှိ
Published 21 January 2018

စပါးတောင်း ၇၀၀ ခန့် တင်ဆောင်လာသော စက်လှေနစ်မြုပ်မှုကြောင့် ငါးဦးလွတ်မြောက်ခဲ့ပြီး တစ်ဦးပျောက်ဆုံးမှုတစ်ရပ် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် ဇန်နဝါရီ ၁၉ ရက်က ဖြစ်ပွားခဲ့ကြောင်းနှင့် ပျောက်ဆုံးနေသူအား ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းအထိ ရှာမတွေ့သေးကြောင်း သိရသည်။

အဆိုပါစက်လှေသည် မြောက်ဦးမြို့နယ်မှ စပါးများကို ဝယ်ယူတင်ဆောင်ကာ ပုဏ္ဏားကျွန်းမြို့နယ် ဂန့်ဂါကျေးရွာသို့ မောင်းနှင်လာခြင်းဖြစ်ကာ ပုဏ္ဏားကျွန်းမြို့ မရောက်ခင် ကုလားတန်မြစ်အရှေ့ဘက် ကမ်းအနီးတွင် ရေလှိုင်းဒဏ်ကြောင့် စက်လှေ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် စက်လှေပေါ်တွင် ရွာသားခြောက်ဦး ပါဝင်ခဲ့ပြီး အသက် ၂၂ နှစ်အရွယ် သန်းဌေးဆိုသူမှာ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းနှင့်ပတ်သက်ပြီး ပျောက်ဆုံးသူ ရှာဖွေနေသည့် နေရာသို့ ရောက်ရှိနေသူ ဦးအင်္ဂါအောင်က “လှိုင်းဒဏ်ကြောင့် နစ်မြုပ်သွားတာပေါ့။ အဲဒီနေရာ အနီးတစ်ဝိုက်မှာ လှိုင်းက နည်းနည်းကြမ်းတယ်။ စက်လှေကလည်း စပါးအပြည့် တင်ဆောင်လာတာဆိုတော့ လှိုင်းပုတ်ပြီး ရေဝင်နစ်မြုပ်သွားတာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ယောက် ပျောက်ဆုံးနေတယ်။ သူကတော့ ရေမကူးတတ်ဘူးလို့ သိရတယ်။ အလောင်းကို အခုထိတော့ ရှာမတွေ့သေးဘူး” ဟု ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စက်လှေမောင်းသူအား ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်းမြို့နယ်သည် စက်လှေ နစ်မြုပ်မှု အများဆုံးမြို့ နယ်တစ်ခုဖြစ်ကြောင်းနှင့် ကျောင်းသားများ စီးနင်းလိုက်ပါသည့် စက်လှေနစ်မြုပ်မှုလည်း မကြာခဏဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

Most Read

Most Recent