ဟင်္သာတခရိုင်ဆေးရုံကြီး၌ H1 N1 သံသယလူနာ ၁၉ ဦးအထိရှိနေပြီး ဆေးစစ်ချက်ရပြီးသည့် ခုနစ်ဦးအနက် H1 N1 လူနာသုံးဦး၊ H3 N2 လူနာတစ်ဦး စစ်ဆေးတွေ့ရှိ

ဟင်္သာတခရိုင်ဆေးရုံကြီး၌ H1 N1 သံသယလူနာ ၁၉ ဦးအထိရှိနေပြီး ဆေးစစ်ချက်ရပြီးသည့် ခုနစ်ဦးအနက် H1 N1 လူနာသုံးဦး၊ H3 N2 လူနာတစ်ဦး စစ်ဆေးတွေ့ရှိ
Published 10 August 2017

ဟင်္သာတခရိုင်ဆေးရုံကြီး၌ H1 N1 သံသယလူနာ ၁၉ ဦးအထိရှိနေပြီး အမျိုးသား ကျန်းမာရေးဓာတ်ခွဲဌာနမှ ဆေးစစ်ချက်ရပြီးသည့် ခုနစ်ဦးအနက် H1 N1 လူနာသုံးဦး၊ H3 N2 လူနာတစ်ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ ဟင်္သာတခရိုင်ဆေးရုံကြီးမှ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ သံသယလူနာ ၁၂ ဦး၏  နှာခေါင်းတို့ဖတ် Nasal Swab ကို ပေးပို့ထားပြီးဖြစ်ပြီး ဆေးစစ်ချက်ရပြီးသည့် ခုနစ်ဦးအနက် လေးဦး၌ ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့အထိ သံသယလူနာအနေနဲ့ ကုသပေးနေတာ ၁၉ ယောက်ရှိပြီ။ အဲဒီ ၁၉ ယောက်ထဲက ၁၂ ယောက်ကို Nasal Swab ယူပြီး အမျိုးသားဓာတ်ခွဲခန်းကိုပို့ခဲ့တယ်။ အဲဒီက အဖြေပြန်ပို့လာတာ ခုနစ်ယောက်ရှိပြီ။ ခုနစ်ယောက်ထဲက လေးယောက် Positive ထွက်တယ်။ H1 N1 က သုံးယောက်၊ H3 N2 က တစ်ယောက် အဖြေထွက်တယ်။ ကျန်တဲ့သုံးယောက်ကတော့ ပိုးမတွေ့ဘူး။ ပိုးမတွေ့တဲ့ သုံးယောက်ထဲမှာ ရှားခဲတိုက်နယ်ဆေးရုံကလွှဲပြီး လမ်းမှာဆုံးလာတဲ့ နှစ်ယောက်လည်းပါတယ်။ အဲဒီနှစ်ယောက်မှာလည်း ရောဂါပိုးမတွေ့ဘူး” ဟု ဟင်္သာတခရိုင်ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာအေးသန္တာကြည်က ပြောကြားသည်။

ဟင်္သာတခရိုင်ဆေးရုံကြီး၌ H1 N1 ရောဂါပိုးစစ်ဆေးတွေ့ရှိသည့် လူနာသုံးဦး အနက်နှစ်ဦးမှာ သေဆုံးသွားပြီဖြစ်ပြီး ကျန်တစ်ဦးမှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေကြောင်း၊ H3 N2 ရောဂါပိုးစစ်ဆေး တွေ့ရှိခဲ့သည့် လူနာတစ်ဦးမှာလည်း ကျန်းမာရေးအခြေအနေ ကောင်းမွန်သဖြင့် ဆေးရုံဆင်းသွားပြီဖြစ်ကြောင်း သိရသည်။

“အစ်မတို့ဆေးရုံအနေနဲ့ ပိုးတွေ့တာ ဒီနေ့အထိ လေးယောက်ရှိသွားပြီပေါ့။  H1 N1 ပိုးတွေ့တဲ့ ကလေးလေးနှစ်ယောက်ကတော့ အသက်ဆုံးရှုံးတယ်။ တစ်ယောက်က လေးနှစ်၊ တစ်ယောက်က နှစ်နှစ်။ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက လတ်တလော ဆေးရုံမှာတက်နေတာရှိတယ်။ သူကလည်း   H1 N1 Positive ကြံခင်းက လွှဲလိုက်တဲ့ကိုယ် ဝန်ဆောင်အမျိုးသမီး။ သူကတော့ စတုန်းက ထက်စာလို့ရှိရင် အခြေအနေကောင်းနေပြီ။ အဖျားလည်းကျနေပြီ ” ဟု ဆေးရုံအုပ်ဒေါက်တာ အေးသန္တာကြည်က ပြောကြားသည်။

Most Read

Most Recent