မန္တလေးတောင်တော်သို့ နေ့စဉ် နိုင်ငံခြားသားခရီးသွား ၃၀၀ နီးပါးလာရောက်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း နိုင်ငံခြားသား လေ့လာခွင့်မှ သိန်း ၈၀ ကျော်ရရှိ

မန္တလေးတောင်တော်သို့ နေ့စဉ် နိုင်ငံခြားသားခရီးသွား ၃၀၀ နီးပါးလာရောက်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း နိုင်ငံခြားသား လေ့လာခွင့်မှ သိန်း ၈၀ ကျော်ရရှိ
Published 21 January 2018

မန္တလေးတောင်တော်ပေါ်တွင် နိုင်ငံခြားသားများ လေ့လာနေစဉ်

နိုင်ငံခြားသား ခရီးဧည့်သည်အဝင်များသည့် ကာလအတွင်း မန္တလေးတောင်တော်သို့ နေ့စဉ် နိုင်ငံခြားသားခရီးသွားဧည့်သည် ဦးရေ ၃၀၀ ကျော်လာရောက်ကာ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း နိုင်ငံခြားသားဧည့်သည် လေ့လာခွင့်မှ သိန်း ၈၀ ကျော်ရရှိခဲ့ကြောင်း တောင်တော်ေဂေါပကအဖွဲ့ထံမှ စုံစမ်းသိရှိ ရသည်။

မန္တလေးတောင်တော်ဂေါပကအဖွဲ့မှ မန္တလေးတောင်ပေါ်သို့ လာရောက်လေ့လာ လည်ပတ်ကြသော နိုင်ငံခြားသားဧည့်သည်များအား တစ်ဦးလျှင် တစ်ထောင်ကျပ်နှုန်း ကောက်ခံခြင်းဖြစ်ပြီး ယင်းကောက်ခံရရှိငွေများအား တောင်တော်ဘဏ္ဍာငွေအဖြစ် ထိန်းသိမ်းကာ ပြုပြင်ရေးလုပ်ငန်းများအတွက် ပြန်လည်သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

“မန္တလေးတောင်တော်ကို နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှုက တစ်နှစ်ထက်တစ်နှစ် များပြားလာပါတယ်။ လက်ရှိဆိုရင် အနည်းဆုံး တစ်ရက်ကို ဦးရေ ၃၀၀ ကျော်လောက်ဝင်ပြီး များတဲ့ရက်ဆိုရင် ဦးရေ ၅၀၀ နဲ့ ၇၀၀ ကြားဝင်တယ်။ ပြီးခဲ့တဲ့လမှာ အများဆုံးအနေနဲ့ ဦးရေ ၇၀၀ ကျော်ဝင်ခဲ့တယ်။ တောင်တော်ဝင်ငွေမှာလည်း နိုင်ငံခြားသား ဧည့်အဝင်ကောက်ခံရရှိမှုဝင်ငွေက အများဆုံးထဲမှာပါတယ်” ဟု မန္တလေးတောင်တော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောကြားသည်။

နိုင်ငံခြားသား ခရီးသွားဧည့်သည်များအနေဖြင့် မန္တလေးတောင်တော်သို့ ညနေ နေဝင်ချိန်ကြည့်ရှုရန် အများဆုံး လာရောက်ကြခြင်းဖြစ်သည့်အတွက် ညနေပိုင်းတွင် နေဝင်ချိန်ကြည်ရှုရန် နေရာများဖန်တီးပေးခြင်းနှင့် ယာဉ်ရပ်နားစခန်းများ ပြုပြင်တည်ဆောက်ခြင်း အပါအဝင် သွားလာမှုအဆင်ပြေစေရန်အတွက် ဆောင်ရွက်ပေးထားကြောင်း သိရသည်။

မန္တလေးမြို့သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားဧည့်သည်များအနေဖြင့် မန္တလေးတောင်နှင့် ဦးပိန်တံတားတို့တွင် ညနေ နေဝင်ချိန်ကြည့်ရှုခြင်းများပြားကြောင်း၊ ထို့အတူ အချို့ဧည့်သည်များမှာ စစ်ကိုင်းတောင်ရိုးနှင့် ဧရာဝတီမြစ်အတွင်း နေဝင်ချိန်အလှ ကြည့်ရှုခြင်းများ ဆောင်ရွက်လေ့ရှိပြီး ပြီးခဲ့သည့်နှစ် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ မန္တလေးသို့ နိုင်ငံခြားသားဧည့်သည်အဝင်မှာ ဦးရေသုံးသိန်းကျော် ဝင်ရောက်ခဲ့ပြီး ဝင်ရောက်ခဲ့ရာ လူမျိုးအလိုက် စာရင်းများအရ တရုတ်လူမျိုးဧည့်သည် ဝင်ရောက်မှု ၄၆ ရာခိုင်နှုန်း၊ ပြင်သစ် ၁၃ ရာခိုင်နှုန်း၊ ထိုင်းရှစ်ရာခိုင်နှုန်း၊ ဂျာမနီ ခုနစ်ရာခိုင်နှုန်း ဝင်ရောက်ခဲ့ကာ နှစ်စဉ်ဝင်ရောက်မှု အများဆုံးမှာ တရုတ်လူမျိုးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent