Henan Dekang ကုမ္ပဏီထုတ် ကွီနိုင်းဆေးဝါးသည် အတုဖြစ်ကြောင်း FDA က ကြေညာ

Henan Dekang ကုမ္ပဏီထုတ် ကွီနိုင်းဆေးဝါးသည် အတုဖြစ်ကြောင်း FDA က ကြေညာ
Published 21 January 2018

ဆေးဝါးအတုဖြစ်ကြောင်း ကြေညာထားသည့် Quinine Dihydrochloride 0.5 g/ml ဆေးအား တွေ့ရစဉ်

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဈေးကွက်ရှိ ဆေးဝါးများကို ပုံမှန်စစ်ဆေးဆောင်ရွက်ခဲ့ရာ ဆေးဘူးပေါ်တွင် ဖော်ပြချက်အရ Henan Dekang Pharmaceutical Co.,Ltd ထုတ် မြန်မာနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်မရှိသော Quinine Dihydrochloride 0.5 g/ml  ဆေးဝါးသည် ဆေးဝါးအတုဖြစ်ကြောင်း ဇန်နဝါရီ ၂၀ ရက်က အသိပေးကြေညာခဲ့သည်။

ဆေးဝါးအတု၊ စံမမီဆေးဝါးများကို မှီဝဲသော ရောဂါဝေဒနာရှင်များသည် စရိတ်များစွာ ကုန်ကျသည့်အပြင် မိမိတို့ခံစားနေရသော ရောဂါများ ပျောက်ကင်းခြင်းလုံးဝမရှိဘဲ ပိုမိုဆိုးရွားသော အခြေအနေခံစားရမည် ဖြစ်သည့်အပြင် အသက်အန္တရာယ်လည်းရှိနိုင်ကြောင်း၊ သို့ပါ၍ ဆေးဝါးတင်သွင်းဖြန့်ဖြူးသည့်ကုမ္ပဏီ၊ ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ ဆေးဝါးအတု၊ စံမမီဆေးဝါးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ်အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အမျိုးသားဆေးဝါးဥပဒေ ပုဒ်မ (၁၈) အရ ပြစ်မှုကျူးလွန်သူကို တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း အသိပေးထားပြီး ဖြစ်သည်။

၂၀၁၇ ခုနှစ်အတွင်းက ရန်ကုန်မြို့အပါအဝင် ဒေသအချို့တွင် လိုင်စင်မရှိဆေးဆိုင်များ၊ တရားမဝင် မှတ်ပုံမတင်ဆေးဝါး၊ စံမမီဆေးဝါး၊ ဆေးဝါးအတုရောင်းချသည့် ဆေးဆိုင်များကို တိုင်းဒေသကြီးအဆင့် ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ဆက်လက်၍ တရားမဝင်ဆေးဝါးများ၊ ဆေးဝါးအတုနှင့် စံမမီဆေးဝါးများကို တိုက်ဖျက်သည့် Operation Pangea အစီအစဉ်ကို ဒေသအချို့တွင် ဆက်လက်လုပ်ဆောင်သွားရန်ရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ် ဇွန်လအထိ အမျိုးသားဆေးဝါးဥပဒေအရ တရားစွဲဆိုခဲ့သည့် အမှုပေါင်း ၂၆၅ မှုရှိပြီး လိုင်စင်မရှိဆေးဆိုင်များ၊ စပ်ဆေး၊ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါး၊ တရားမဝင်ဆေးဝါး ရောင်းချသည့် ဆေးဆိုင်များလည်း ပါဝင်ကြောင်း၊ နှစ်အလိုက်အမျိုးသားဆေးဝါးဥပဒေဖြင့် အရေးယူခဲ့သည့် အမှုများမှာ ၂၀၁၃ ခုနှစ်တွင် ၇၁ မှု၊ ၂၀၁၄ ခုနှစ်တွင် ၁၉ မှု၊ ၂၀၁၅ ခုနှစ်တွင် ၅၁ မှု၊ ၂၀၁၆ ခုနှစ်တွင် ၉၉ မှု၊ ၂၀၁၇ ခုနှစ် ဇွန်လအထိ ၂၅ မှု၊ စုစုပေါင်း ၂၆၅ မှုရှိကြောင်းနှင့် ယင်းအမှုများအနက် ထောင်ဒဏ်အရ ပြစ်မှုပြစ်ဒဏ်ချမှတ်ခဲ့သည့် ဖြစ်စဉ်များလည်းရှိကြောင်း သိရသည်။

အမျိုးသားဆေးဝါးဥပဒေအရ  မှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါး၊ မှတ်ပုံတင် ခေတ္တရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်း ပြုလုပ်ထားသောဆေးဝါး၊ ဆေးဝါးအတု၊ စံမမီဆေးဝါး၊ ပျက်စီးဆေးဝါး၊ ရောနှောဆေးဝါးများ၊ ဘေးဥပဒ်ဖြစ်စေနိုင်သည့် ပစ္စည်းများဖြင့် ဖော်စပ်ထုတ်လုပ်ထားသောဆေးဝါး၊ ကျန်းမာရေးဝန်ကြီးဌာနက သုံးစွဲရန်မသင့်ဟု အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ထားသော ဘေးအန္တရာယ်ရှိသည့် ဆေးဝါးများကို ထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းများ ပြုလုပ်ခဲ့ပါက ယင်းဥပဒေဖြင့် အရေးယူနိုင်ကြောင်း သိရသည်။

ဥပဒေတွင် မည်သူမျှတည်ဆဲဥပဒေအရ ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ မှတ်ပုံတင်ထားသောဆေးဝါးကို ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်းမပြုလုပ်ရ။ မည်သူမျှ လိုင်စင်မရှိဘဲ ဆေးဝါးကုန်ကြမ်း (သို့မဟုတ်) ဆေးဝါးကို ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း မပြုလုပ်ရ၊ လိုင်စင်ရရှိထားသူများသည် လိုင်စင်ပါစည်းကမ်းချက်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်ခြင်းမရှိစေရ၊ ကျန်းမာရေးဝန်ကြီးဌာနကဖြစ်စေ၊ အာဏာပိုင်အဖွဲ့ကဖြစ်စေ ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်းမရှိစေရဟု ဖော်ပြထားသည်။

ဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရပါက ငွေဒဏ်အနည်းဆုံး ကျပ် ၅၀၀၀၀ မှ အများဆုံး ကျပ် ၅၀၀၀၀၀ အထိ ဖြစ်စေ၊ ထောင်ဒဏ် ခုနစ်နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ကျခံရနိုင်ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent