၂၀၁၇ ခုနှစ်အတွင်း ဖုန်းဘီလ်ခွန် ကျပ် ၉၈ ဒသမ ၅၉ ဘီလျံကောက်ခံရရှိခဲ့ပြီး မတ်လတွင် အများဆုံးကောက်ခံရရှိကာ ဇူလိုင်လမှာ အနည်းဆုံးရရှိ

၂၀၁၇ ခုနှစ်အတွင်း ဖုန်းဘီလ်ခွန် ကျပ် ၉၈ ဒသမ ၅၉ ဘီလျံကောက်ခံရရှိခဲ့ပြီး မတ်လတွင် အများဆုံးကောက်ခံရရှိကာ ဇူလိုင်လမှာ အနည်းဆုံးရရှိ
Published 21 January 2018

ဖုန်းအရောင်းပြပွဲတစ်ခုတွင် ပြသထားသည့် ဟန်းဆက်များကို စမ်းသပ်အသုံးပြုနေသူများအား တွေ့ရစဉ်

၂၀၁၇ ခုနှစ်အတွင်း ဖုန်းဘီလ်ခွန် စုစုပေါင်း ၉၈ ဒသမ ၅၉ ဘီလျံကောက်ခံရရှိခဲ့ပြီး ဖုန်းဘီလ်အများဆုံး ကောက်ခံရရှိသည့်ကာလမှာ မတ်လဖြစ်ပြီး ဇူလိုင်လမှာ ကောက်ခံရရှိမှုအနည်းဆုံးဖြစ်ကြောင်း သိရသည်။

ဖုန်းဘီလ်ခွန် ကောက်ခံရရှိမှုစာရင်းများအရ ၂၀၁၇ ခုနှစ် ဇန်နဝါရီတွင် ကျပ် ၈ ဒသမ ၄၀ ဘီလျံ၊ ဖေဖော်ဝါရီတွင် ကျပ် ၈ ဒသမ ၀၁ ဘီလျံ၊ မတ်တွင် ကျပ် ၉ ဒသမ ၁၂ ဘီလျံ၊ ဧပြီတွင် ကျပ် ၈ ဒသမ ၇၈ ဘီလျံ၊ မေတွင် ကျပ် ၉ ဒသမ ၀၆ ဘီလျံ၊ ဇွန်တွင် ကျပ် ၈ ဒသမ ၆၅ ဘီလျံ၊ ဇူလိုင်တွင် ကျပ် ၆ ဒသမ ၂၂ ဘီလျံ၊ သြဂုတ်တွင် ကျပ် ၈ ဒသမ ၆၈ ဘီလျံ၊ စက်တင်ဘာတွင် ကျပ် ၈ ဒသမ ၁၈ ဘီလျံ၊ အောက်တိုဘာတွင် ကျပ် ၇ ဒသ မ ၆၉ ဘီလျံ၊ နိုဝင်ဘာတွင် ကျပ် ၈ ဒသမ ၁ ဘီလျံ၊ ဒီဇင်ဘာတွင် ကျပ် ၇ ဒသမ ၇၀ ဘီလျံစသည်ဖြင့် အသီးသီးကောက်ခံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ထို့ကြောင့် ၂၀၁၇ ခုနှစ်အတွင်း တစ်လလျှင် ပျမ်းမျှကောက်ခံရရှိခဲ့သော ဖုန်းဘီလ်ခွန်ပမာဏမှာ ကျပ် ၈ ဒသမ ၂၁ ဘီလျံနှုန်း ရှိနေကြောင်း ပြန်လည်တွက်ချက်ကြည့်မှုအရ သိရသည်။

၂၀၁၇ ခုနှစ် ဧပြီမှ ဒီဇင်ဘာအထိ ကိုးလတာကာလအတွင်း ဖုန်းဘီလ်ခွန် ကျပ် ၇၃ ဒသမ ၀၆ ဘီလျံကောက်ခံရရှိခဲ့ပြီး ယင်းပမာဏမှာ ၂၀၁၆ ခုနှစ်အတွင်း စတင်ကောက်ခံခဲ့သည့် ကိုးလတာအတွင်း ရရှိမှု ထက်ပိုမိုများပြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်အတွင်း ရရှိခဲ့သော ဖုန်းဘီလ်ခွန်ပမာဏမှာ စုစုပေါင်း ကျပ် ၅၉ ဒသမ ၉၅ ဘီလျံရရှိခဲ့ကြောင်း သိရသည်။ ယင်းအခွန်ငွေမှာ ၂၀၁၆ ခုနှစ် ဧပြီမှ ဒီဇင်ဘာအထိ ကိုးလတာကာလအတွင်း ကောက်ခံရရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ၂၀၁၆ ခုနှစ်အတွင်း လစဉ်ပျမ်းမျှရရှိခဲ့သော ဖုန်းဘီလ်ခွန်ပမာဏမှာ တစ်လလျှင် ၆ ဒသမ ၆ ဘီလျံနှုန်းရှိခဲ့ကြောင်း ပြန်လည်တွက်ချက်မှုအရ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ဖုန်းဘီလ်ခွန်စုစုပေါင်း ကျပ် ၈၇ ဒသမ ၁၃ ဘီလျံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။ ဖုန်းဘီလ်ခွန်ကို ၂၀၁၆ ဧပြီ ၁ ရက်မှ စတင်ကောက်ခံခဲ့ခြင်းဖြစ်ပြီး ယင်းပမာဏမှာ ၂၀၁၇ မတ် ၃၁ ရက် အထိ ကောက်ခံရရှိခဲ့သော ပမာဏဖြစ်သည်။

ဧပြီလအတွက် စတင်ရရှိခဲ့သော ဖုန်းဘီလ်ခွန်ဖြစ်သည့် ကျပ်သန်း ၇၅၀၀ ကို ပညာရေးကဏ္ဍအတွက် စတင်သုံးစွဲခဲ့ပြီး နောက်လများတွင်ရရှိခဲ့သည့် ဖုန်းဘီလ်ခွန်များကိုမူ နိုင်ငံတော်ဘတ်ဂျက်အဖြစ်သာ ပေးသွင်းခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်မေလအတွက် ရရှိသော ဖုန်းဘီလ်ခွန် ကျပ် ၈ ဒသမ ၃၇ ဘီလျံတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ၄ ဒသမ ၅ ဘီလျံကျော်၊ တယ်လီနောက ကျပ်သုံး ဘီလျံနီးပါး၊ အူရီဒူးက ကျပ်သန်း ၈၀၀ ကျော်ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဇွန်လအတွက် ရရှိခဲ့သည့် ဖုန်းဘီလ်ခွန်မှာကျပ် ရှစ်ဘီလျံဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၄ ဒသမ ၁ ဘီလျံ၊ တယ်လီနောက ၂ ဒသမ ၆ ဘီလျံနှင့် အူရီ  ဒူးက ၁ ဒသ မ ၁ ဘီလျံတို့ ဖြစ်သည်။

၂၀၁၆ ခုနှစ် ပြည်ထောင်စုအခွန်ဥပဒေအရ မိုဘိုင်းဝန်ဆောင်မှုသုံးစွဲသူများသည် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကို ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှစတင်ကာ ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးနောက် ဧပြီ ၁ ရက်မှစ၍ ဖုန်းဘီလ်ခွန်များကို စတင်ကောက်ခံခဲ့ခြင်း ဖြစ်သည်။ ထိုသို့ကောက်ခံရာတွင် သုံးစွဲပြီးနောက် ကျသင့်ငွေထဲမှ ငါးရာခိုင်နှုန်းကို ဖြတ်တောက်ကောက်ခံခြင်း ဖြစ်သည်။ ထို့နောက် တယ်လီဖုန်းနှင့်ပတ်သက်သော သုံးစွဲမှုတိုင်းတွင် အခွန်ဆောင်လာရခြင်း ဖြစ်သည်။

Most Read

Most Recent