ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ မိဘများမသိရှိဘဲ အလုပ်သွားလုပ်မည့် ၁၄ နှစ်နှင့် ၁၅ နှစ်အရွယ် မိန်းကလေးနှစ်ဦးအား အခြားလူကုန်ကူးခံရသည့် ဖြစ်စဉ်များကို ရဲတပ်ဖွဲ့ကရှင်းပြပြီး မိဘများထံ ပြန်လည်အပ်နှံ

ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ မိဘများမသိရှိဘဲ အလုပ်သွားလုပ်မည့် ၁၄ နှစ်နှင့် ၁၅ နှစ်အရွယ် မိန်းကလေးနှစ်ဦးအား အခြားလူကုန်ကူးခံရသည့် ဖြစ်စဉ်များကို ရဲတပ်ဖွဲ့ကရှင်းပြပြီး မိဘများထံ ပြန်လည်အပ်နှံ
Published 21 January 2018

မိဘများမသိရှိဘဲ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ အလုပ်သွားလုပ်မည့် ၁၄ နှစ် နှင့် ၁၅ နှစ်အရွယ် မိန်းကလေးနှစ်ဦးအား ရဲတပ်ဖွဲ့က လူကုန်ကူးခံရသည့် ဖြစ်စဉ်များကို ရှင်းပြပြီး မိန်းကလေးငယ်နှစ်ဦးအား ၎င်းတို့၏ မိဘများထံ ပြန်လည်အပ်နှံခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၇ က ရခိုင်ပြည် နယ်အမ်းစုပေါင်း စစ်ဆေးရေးဂိတ် (ပဲပဒုံ)၌ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်နေ မ...(၁၅ နှစ်) နှင့် မ...(၁၄ နှစ်) တို့ နှစ်ဦးသည် မိဘများမသိရှိဘဲ တရုတ်နိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် အမှတ် (၅) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (စစ်တွေ) က ရဲအုပ်ရွှေမောင်နှင့် တပ်ဖွဲ့ဝင်များက တရုတ်နိုင်ငံသို့ အလုပ်သွား ရောက်လုပ်ကိုင်ရာမှ လူကုန်ကူးခံရသည့် ဖြစ်စဉ်များအား ရှင်းပြခဲ့ကြောင်း၊ ထိုသို့ရှင်းပြ ခဲ့သဖြင့် အမျိုးသမီးငယ်နှစ်ဦးက နားလည်သဘောပေါက်ပြီး တရုတ်ပြည်သို့ သွားရောက်လိုစိတ်မရှိတော့ကြောင်း သိရသဖြင့် ၎င်းတို့၏ မိဘများထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း၊ မိဘပြည်သူများအနေဖြင့် မိမိမကျွမ်းကျင်သည့် နယ်ပယ်တစ်ခုသို့ အလုပ်သွားရောက် လုပ်ကိုင်ရာမှ လူကုန်ကူးခံရနိုင်သည်ကို သတိပြုစေလိုကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် တရုတ်ပြည်သို့ အလုပ်သွားရောက်လုပ်ကိုင်ရန် ပြင်ဆင်နေကြသည့် အမျိုးသမီးများအတွက် ဖြစ်ပွားနိုင်သည့် အချက်များကို မေးခွန်းပုံစံဖြင့် လူကုန်ကူးမှု ရဲတပ်ဖွဲ့က ၎င်းတို့၏ Facebook စာမျက်နှာ မှတစ်ဆင့် ယခုလအစောပိုင်းက အသိပညာပေး သတင်းထုတ်ပြန်ထားသည်။

‘စစ်မှန်သော ဗီဇာပါ ရှိ မရှိ၊ အားကိုးလောက်သည့် မိတ်ဆွေ ရှိ မရှိ၊ သူတို့စကားကို နားလည်မှု ရှိ မရှိ၊ ကိုယ်လုပ်နိုင်တဲ့အလုပ် ဟုတ် မဟုတ်၊ တစ်နေ့အလုပ်ချိန် ၁၀ နာရီ လုပ်နိုင် မနိုင်၊ သင်ထမင်းစားတိုင်း ဝက်ဆီနဲ့ ချက်ထားတဲ့ဟင်းကို စားနိုင်မှုရှိ မရှိ၊ အအေးလွန် အပူလွန်ဒဏ်ကိုခံနိုင်မှုရှိ မရှိ စသည်တို့အပြင် သူတို့ဖမ်းချင်လျှင် သင်ကိုင်ဆောင်ထားတဲ့ နေထိုင်ခွင့်စာအုပ်ကို ဆုတ်ဖြဲပြီးဖမ်းပါလိမ့်မယ်။ တရုတ်ပြည်မှာ မိန်းမဈေးကြီးတဲ့အတွက် သင့်ကိုဈေးပေါပေါနဲ့ဝယ်ပြီး တိတ်တိတ်ပုန်းမယားအဖြစ် သုံးနှစ် သို့မဟုတ် ငါးနှစ် ပြုလုပ်စေပါလိမ့်မယ်။ သင့်ကိုသူတို့စိတ်တိုင်းကျ အသုံးချပြီးပြီဆိုရင်တော့ လျှော့ဈေးနဲ့တစ်ဆင့် ရောင်းချပါလိမ့်မယ်’ ဟု အစရှိသဖြင့် ပညာပေးရေးသားထုတ်ပြန်မှုများ ပြုလုပ်ထားသည်။

လူကုန်ကူးမှု ပညာပေးသတင်းများကို ဖတ်ရှုလိုပါက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ Facebook စာမျက်နှာသို့ ဝင်ရောက်ဖတ်ရှုနိုင်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်အတွင်း လူကုန်ကူးမှုပေါင်း ၂၂၆ မှု ဖြစ်ပွားခဲ့သည့်အနက် တရုတ်မယားအဖြစ် အဓမ္မလက်ထပ်ရန် လူကုန်ကူးမှုမှာ သုံးပုံတစ်ပုံကျော်အထိရှိကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဇန်နဝါရီ ၂ ရက်က စုံစမ်းသိရသည်။

မြန်မာနိုင်ငံမှ အခြားနိုင်ငံများသို့ ဦးတည်၍ လူကုန်ကူးမှုများအနက် တရုတ်နိုင်ငံသို့ လူကုန်ကူးမှုမှာ ၁၆၃ မှုအထိရှိပြီး ယင်းအမှုထဲမှ တရုတ်မယားအဖြစ် အဓမ္မလက်ထပ်ရန် စေခိုင်းမှုမှာ ၁၅၃ မှု အထိရှိကြောင်း သိရသည်။ ယင်းအပြင်ပြည်တွင်း၌ လူကုန်ကူးမှု ၄၈မှု၊ ထိုင်းနိုင်ငံသို့ လူကုန်ကူးမှု ၁၃ မှု၊ မလေးရှားနိုင်ငံသို့ လူကုန်ကူးမှုတစ်မှုစသည်တို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent