SME လုပ်ငန်းများ ကုမ္ပဏီမှတ်ပုံတင်ရာတွင် မှတ်ပုံတင်ကြေး ကျပ်ငါးသိန်းအထိ ကုန်ကျနေသဖြင့် မှတ်ပုံတင်ကြေးကို သိသိသာသာလျှော့ချနိုင်ရန် စီစဉ်ဆောင်ရွက်နေဟုဆို

SME လုပ်ငန်းများ ကုမ္ပဏီမှတ်ပုံတင်ရာတွင် မှတ်ပုံတင်ကြေး ကျပ်ငါးသိန်းအထိ ကုန်ကျနေသဖြင့် မှတ်ပုံတင်ကြေးကို သိသိသာသာလျှော့ချနိုင်ရန် စီစဉ်ဆောင်ရွက်နေဟုဆို
Published 21 January 2018

ဇန်နဝါရီ ၁၉ ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးကို တွေ့ရစဉ်

SME လုပ်ငန်းများ ကုမ္ပဏီမှတ်ပုံတင် လျှောက်ထားရာတွင် ကုမ္ပဏီမှတ်တင်ကြေး ကျပ်ငါးသိန်းအထိ ကုန်ကျနေသဖြင့် မှတ်ပုံတင်ကြေးကို သိသိသာသာ လျှော့ချပေးသွားနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ဇန်နဝါရီ ၁၉ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“သိသိသာသာလျှော့ချဖို့ ပြင်ဆင်နေတယ်။ ဘယ်လောက်ဆိုတာတော့ ပြောဖို့စောသေးတယ်။ ဒီ Strating Business စီးပွားရေးလုပ်ငန်းစတဲ့အခါမှာ ကုန်ကျစရိတ်နည်းအောင် နည်းနိုင်သလောက်နည်းအောင်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

လက်ရှိ SME လုပ်ငန်းများ ကုမ္ပဏီမှတ်ပုံတင်ကြေးသည် ကျပ်ငါးသိန်းဖြစ်ပြီး အထွေထွေကုန်ကျစရိတ်ပါ ထည့်သွင်းတွက်ချက်ပါက ကျပ် ၁၀ သိန်းခန့်အထိ ကုန်ကျနေကြောင်း သိရသည်။

လက်ရှိအချိန်တွင် နှစ်စဉ်ရရှိသည့် ဘတ်ဂျက်ပေါ်မူတည်ကာ မှတ်ပုံတင်ကြေးကို မည်မျှအထိ လျှော့ချမည်ကို တွက်ချက်နေကြောင်း၊ ယခုပေးဆောင်နေရသည့် မှတ်ပုံတင်ကြေးထက် သိသိသာသာလျော့ကျသွားအောင် စီစဉ်ဆောင်ရွက်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“ဒီနေရာမှာ ငါးသိန်းလည်းများသေးတယ်ဆိုရင် ဘယ်လောက်ဈေးတွေ လျှော့မယ်ဆိုတာ စဉ်းစားတွက်ချက်နေတယ်။ ဘာလို့လဲဆိုတော့ ဘတ်ဂျက်လည်း တွက်ရဦးမှာကို ကုန်ကျစရိတ်နဲ့ ဘာနဲ့ပတ်သက်ရင် တအားကိုကွာသွားမှာလည်းစိုးတော့ နှစ်စဉ်ရနေတဲ့ ဘတ်ဂျက် တအားနည်းသွားရင် ဘယ်လိုဖြစ်မလဲ။ အဲဒါတွေနဲ့ ချိန်နေတယ်။ ကျွန်တော်တို့ တွက်နေတယ်” ဟု ဦးသန်းအောင်ကျော်က ပြောကြားသည်။

ယခုကဲ့သို့ မှတ်ပုံတင်ကြေးလျှော့ချရန် စီစဉ်ဆောင်ရွက်ခြင်းသည် SME လုပ်ငန်းများအားလုံး တရားဝင် မှတ်ပုံတင်လာနိုင်ရန်ဖြစ်ပြီး ချေးငွေထုတ်ချေးမှု၊ ပို့ကုန်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူစေရန်အတွက် ရည်ရွယ်ကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“Informal ထဲကနေ Formal ထဲကို ဝင်လာအောင် မှတ်ပုံတင်ပြီးတော့ လုပ်လာနိုင်အောင် ပိုက်ဆံချေးလို့ရမယ် နိုင်ငံခြားကို ပို့လို့ရမယ်။ Informal ကနေ Formal ထဲကို ဝင်လာအောင်” ဟု ဦးသန်းအောင်ကျော်က ပြောကြားသည်။

SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၊ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့နှင့် လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ သုံးခုကို အမြန်ဆုံး ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဒုတိယသမ္မတ (၁) နှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်အစည်းအဝေး (၁၃) ကြိမ်မြောက် အခမ်းအနားမှ သိရသည်။

အဆိုပါ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်း (SME) ထွက်ကုန်များကို နိုင်ငံတကာသို့ တရားဝင် တင်ပို့နိုင်ရန်အတွက်လည်း ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဈေးကွက်ရှာဖွေမှုများ အဓိကလိုအပ်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

Most Read

Most Recent