သောင်ရင်းမြစ်တစ်ဖက်ကမ်း မဲဆောက်မြို့နှင့် ဝန်းကျင်တွင် ဈေးရောင်းနေသော မြန်မာဈေးသည် ၃၀၀ ကျာ် ဖမ်းဆီးခံရ

သောင်ရင်းမြစ်တစ်ဖက်ကမ်း မဲဆောက်မြို့နှင့် ဝန်းကျင်တွင် ဈေးရောင်းနေသော မြန်မာဈေးသည် ၃၀၀ ကျာ် ဖမ်းဆီးခံရ
Published 20 January 2018

ထိုင်း - မြန်မာနယ်စပ် မြဝတီအနီး သောင်ရင်းတစ်ဖက်ကမ်း မဲဆောက်မြို့နှင့်ဝန်းကျင်တွင် ဈေးရောင်းနေသော မြန်မာဈေးသည် ၃၀၀ ကျော်ကို ဇန်နဝါရီ ၁၉ ရက်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့အတွင်းနှင့်အပြင် ကျေးရွာအချို့ရှိ မြန်မာဈေးသည်များ နှင့် မြဝတီမြို့ဘက်မှ လာရောက်ရောင်းချသော ခေါင်းရွက်ဗျပ်ထိုးဈေးသည် ၁၀၀ ခန့် ကို ထိုင်းအာဏာပိုင်ပူးပေါင်းအဖွဲ့က စီမံချက်အရ ဖမ်းဆီးခြင်းဖြစ်ကာ အများစုမှာ ငွေဒဏ် ဆောင်ပြီး ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရနောင်းမြို့မှစ၍ စူရတ်ဌာနီ ထိုင်းနိုင်ငံအလယ်ပိုင်း ဖတ်တယား၊ မဟာချိုင်နှင့်ယခုအခါ မဲဆောက်မြို့တွင်ပါ ယခုအပတ်တစ်ပတ်တည်းမှာပင် မြန်မာဈေးသည်တို့ကို ဒေသအလိုက် ဆက်တိုက်စီမံချက်အရ ဖမ်းဆီးခြင်းဖြစ်ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

မြန်မာ့ရွှေ့ပြောင်းအလုပ်သမားတို့သည် ထိုင်းနိုင်ငံမှ ကန့်သတ်သတ်မှတ်ပေးထားသည့် အလုပ် ၃၇ မျိုးကို လုပ်ခွင့်မရှိကြောင်း တားမြစ်သည့်အထဲတွင် ဈေးဆိုင် တည်ခင်းရောင်းချခြင်း၊ မော်တော်ယာဉ်ခရီး အတိုအရှည်ပြေးဆွဲခြင်း၊ ငွေသွင်းငွေထုတ်ငွေလွှဲပြုလုပ်ခြင်း၊ ကျောက်မျက်ရတနာများကို ပြုပြင်မွမ်းမံခြင်း စသည်တို့ကို လိုက်နာခြင်းမရှိဘဲ မိခင်ထိုင်းနိုင်ငံသားတို့၏ အလုပ်အကိုင်အချို့ကို လုယူလုပ်ကိုင်နေကြခြင်းကြောင့် ဖမ်းဆီးရခြင်းဖြစ်သည်ဟု ထိုင်းဘက်မှလာသော သတင်းများအရ သိရသည်။

ရွှေ့ပြောင်းအလုပ်သမားတို့ကမူ လုလုပ်နေခြင်းမှာမဟုတ်ဘဲ အကျိုးတူပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောကြားသည်။

“မိခင်ထိုင်းနိုင်ငံသားတွေဆီက အလုပ်တွေကို ရွှေ့ပြောင်းအလုပ်သမားတွေက လုလုပ်နေတာမဟုတ်ပါဘူး။ အကျိုးတူပူးပေါင်း ဆောင်ရွက်နေတာပါ။ ဒီလိုပြောလို့ ကြီးကျယ်တယ်လို့မထင်ပါနဲ့။ ရွှေ့ပြောင်းအလုပ်သမားတွေက ကြံရည်ဖန်ရည်မြင့်မားကြတာရယ်၊ ဝီရိယထားပြီး စီးပွားရှာတတ်ကြတာရယ်ကြောင့် တစ်နွယ်ငင်တစ်စင်ပါ၊ ကျွဲကူးရေပါဆိုသလို ထိုင်းတွေလည်း ချမ်းသာသွားကြသူတွေ တစ်ထောကြီးပါ။ ကောင်းရောင်း ကောင်းဝယ် လုပ်စားကြတာပဲလေ။ မူးယစ်ဆေးဝါး မရောင်းဝယ်ဘူး။ လက်နက်မှောင် ခိုမလုပ်ဘူး။ လူကုန်မကူးဘူးဆိုရင် ရာဇဝတ်မှုဥပဒေနဲ့ လွတ်လွတ်ကင်းကင်းလုပ်နေကြတာပဲလေ။ လုလုပ်ရအောင်လည်း ဒီနိုင်ငံဟာ ရွှေ့ပြောင်းတွေရဲ့ မိခင်နိုင်ငံမဟုတ်မှန်း ကလေးကအစ သိပါတယ်” ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

ထိုင်းနိုင်ငံရေးအကျပ်အတည်း (အနီဂိုဏ်း၊ အဝါဂိုဏ်းနှင့် ယခုနောက်ဆုံးပေါ် အာဏာမစွန့်လိုသည့်စစ်ဂိုဏ်း) မှာ အချင်း ချင်းပုတ်ခတ်စွပ်စွဲ အားပြိုင်ပြီးနောက် နိုင်ငံရေးဗျူဟာအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများကြောင့်ဟု စွပ်စွဲနေသည်ဟုလည်း ဦးမိုးကြိုးက ပြောကြားသည်။

 

Most Read

Most Recent