ကယားပြည်နယ် လွိုင်ကော်မြို့တွင် လူငယ်များအား ဖမ်းဆီးတရားစွဲဆိုနေခြင်းနှင့် ရခိုင်ပြည်နယ် မြောက်ဦးဖြစ်စဉ်များအပေါ် တရားမျှတရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အစိုးရအနေဖြင့် ပြည်သူများအပေါ် စိတ်စေတနာကောင်းဖြင့် ဆုံးဖြတ်မှုပြုလုပ်ရန် စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) တိုက်တွန်း

ကယားပြည်နယ် လွိုင်ကော်မြို့တွင် လူငယ်များအား ဖမ်းဆီးတရားစွဲဆိုနေခြင်းနှင့် ရခိုင်ပြည်နယ် မြောက်ဦးဖြစ်စဉ်များအပေါ် တရားမျှတရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အစိုးရအနေဖြင့် ပြည်သူများအပေါ် စိတ်စေတနာကောင်းဖြင့် ဆုံးဖြတ်မှုပြုလုပ်ရန် စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) တိုက်တွန်း
Published 20 January 2018

ကယားပြည်နယ် လွိုင်ကော်မြို့တွင် လူငယ်များအား ဖမ်းဆီးတရားစွဲဆိုနေခြင်းဖြစ်စဉ်နှင့် ရခိုင်ပြည်နယ်မြောက်ဦး ဖြစ်စဉ်များအပေါ် တရားမျှတရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အစိုးရအနေဖြင့် ပြည်သူများအပေါ် စိတ်စေတနာကောင်းဖြင့် ဆုံးဖြတ်မှု ပြု လုပ်ရန် စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) က တိုက်တွန်းကြောင်း ကြေညာချက်တစ်စောင်ကို ဇန်နဝါရီ ၁၉ ရက်က ထုတ်ပြန်ခဲ့သည်။

ကြေညာချက်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တပ်သားများ သတ်ဖြတ်ခံရခြင်းကြောင့် လက်ရှိဖြစ်ပေါ်နေသော ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် လူငယ်များအား ဖမ်းဆီးတရားစွဲဆိုနေခြင်း ကိစ္စရပ်များအပေါ် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) အနေဖြင့် များစွာ စိုးရိမ်ပူပန်မှုဖြစ်ရကြောင်း၊ တရားဥပဒေစိုးမိုးရေး အားနည်းမှုကို ဖော်ပြပြီး မိမိတို့ လိုလားမှုအား တောင်းဆိုဆန္ဒဖော် ထုတ်သော ပုဂ္ဂိုလ်များအပေါ် တွေ့ဆုံဆွေး နွေးညှိနှိုင်းမှု မပြုဘဲ ထပ်မံတရားစွဲဆိုနေခြင်းသည် ပြဿနာများကိုသာ ပိုမိုတိုးပွားစေသည်ဟု သုံးသပ်မိကြောင်း၊ တစ်ဖက်တွင် အရေးမယူဘဲ လျစ်လျူရှုထားပြီး အခြားတစ်ဖက်တွင် အရေးယူမှုများကိုသာ ဆောင်ရွက်နေခြင်းသည် တရားမျှတမှုမဟုတ်ကြောင်း၊ အစိုးရ အနေဖြင့် မိမိ၏ ပြည်သူပြည်သားများအပေါ် စိတ်စေတနာကောင်းဖြင့် ဆုံးဖြတ်မှု၊ ညှိနှိုင်းမှုများပြုရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

ထို့အတူ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခအခြေအနေများကြောင့် အသက်ဆုံးရှုံးရမှုများဖြစ်ပေါ်စေခဲ့သည်ကို သိရှိရကြောင်း၊ ထိုကဲ့သို့သော ပဋိပက္ခများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေခြင်းအပေါ်  UNA အနေဖြင့် ကိုယ်ချင်းစာစိတ်ဖြင့် ပူပန်မှုများစွာ ဖြစ်ပေါ်နေရကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည်ဟုလည်း ယူဆပါကြောင်း၊ ဖြစ်ပေါ်လာသော ပဋိပက္ခများကို ထိခိုက်မှု နှင့် အသေအပျောက် မရှိစေရန်အတွက် အတတ်နိုင်ဆုံး ထိန်းသိမ်းစောင့်ရှောက်သင့် ကြောင်း၊ ထိခိုက်မှုများ၊ သေဆုံးမှုများကြောင့် ပဋိပက္ခကို ဖြေရှင်းရာတွင် ပိုမိုခက်ခဲသွားစေပြီး ပြည်သူလူထု၏ အယုံအကြည်ကင်းမဲ့မှုများကို ရင်ဆိုင်ရနိုင်ပါကြောင်း၊ တည်ငြိမ် အေးချမ်းမှုကို ပြန်လည်ထိန်းသိမ်းနိုင်ရန် အတွက် ပြဿနာများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့်သာ ဖြေရှင်းသင့်ကြောင်းလည်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) က တိုက်တွန်းထားသည်။

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) အဖွဲ့ဝင် ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်  (SNLD) ပါတီ မှ တွဲဖက်အတွင်းရေးမှူး(၂) စိုင်းကျော်ညွန့်က “ကယားမှာဖြစ်တဲ့ကိစ္စဆိုရင် ဒါက တကယ်ပြစ်မှုကျူးလွန်တဲ့သူတွေအပေါ်မှာကျတော့ ဘာမှတစ်စုံတစ်ရာ အပြစ်ယူတာ၊ အရေးယူတာ မတွေ့ရဘူး။ မတွေ့ရဘဲနဲ့ ဆန္ဒ ပြတဲ့သူတွေကိုကျတော့ အပြစ်ပေးတယ်။ ဒါက ကျွန်တော်တို့ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်ဆိုတဲ့ စံနှုန်းတွေနဲ့ တော့ သိပ်မကိုက်ဘူးလို့မြင်ပါတယ်။ နောက် ရခိုင်ပြည်နယ် မြောက်ဦးကိစ္စမှာလည်း ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာ။ တစ်ခုခုဖြစ်တယ်ဆိုရင် ကျွန်တော်တို့က ဖြေရှင်းတဲ့နည်းလမ်းတွေက ဒီမိုကရေစီနည်းကျဖို့တော့ လိုတယ်ပေါ့ဗျာ။ တကယ့်အကြမ်းပတမ်းနည်းတွေနဲ့ဖြေရှင်းတဲ့ ကိစ္စတွေကတော့ ဒါက ဘယ်လိုမှ ဒီမို ကရေစီစံနှုန်းအရ ဘယ်လိုမှလက်ခံနိုင်စရာ မရှိပါဘူးလေ။ တခြားဒီထက်ပိုပြီးမြင်သာတဲ့ ပုံစံမျိုးစုံနဲ့ ဒါကဖြေရှင်းလို့ရတဲ့ကိစ္စလို့ပဲ ကျွန်တော်တို့က မြင်ပါတယ်”ဟု ပြောကြားသည်။

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၊ မွန်အမျိုးသားပါတီ (MNP) ၊ ရခိုင်အမျိုးသားပါတီ (ANP) ၊  ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်  (ZCD) ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ (SSKDP) ၊ ကယန်းအမျိုးသားပါတီ  (KNP) ၊ ကချင်အမျိုးသားကွန်ဂရက် (KNC) ၊ ကရင် အမျိုးသားပါတီ (KNP) ၊ ရှမ်းနီ(တိုင်းလိုင်) နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများသွေးစည်းညီညွတ်ရေးပါတီ (SNSP) ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLDP) ၊ ချင်းတိုးတက်ရေးပါတီ (CPP) ၊ ရခိုင်မျိုးချစ်ပါတီ (APP) ၊ ခူမီး (ခမီး)အမျိုးသားပါတီ (KNP) ၊ မြိုအမျိုးသား ဒီမိုကရေစီပါတီ (MNDP) တို့ ပါဝင်သည်။

Most Read

Most Recent