လားရှိုးမြို့တွင် ကားလေးစီးနှင့် ဆိုင်ကယ်သုံးစီး ဆင့်တိုက်မှု ဖြစ်ပွားပြီး သံဃာတော်တစ်ပါးနှင့် လူသုံးဦး ဒဏ်ရာရ

လားရှိုးမြို့တွင် ကားလေးစီးနှင့် ဆိုင်ကယ်သုံးစီး ဆင့်တိုက်မှု ဖြစ်ပွားပြီး သံဃာတော်တစ်ပါးနှင့် လူသုံးဦး ဒဏ်ရာရ
Published 20 January 2018

ဓာတ်ပုံ - ထွန်းနေလှိုင် (နောင်ပိန်)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ လားရှိုးတက္ကသိုလ်ရှေ့တွင် ဇန်နဝါရီလ ၁၉ ရက်နေ့ ည (၈)နာရီ အချိန်ခန့်က ကားလေးစီးနှင့် မော်တော်ဆိုင်ကယ်သုံးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး မော်တော်ဆိုင်ကယ် စီးနင်းလာသူ အမျိုးသမီး သုံးဦးနှင့် သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူ လေးဦးအနက် သံဃာတော်တစ်ပါးနှင့် အမျိုးသမီး နှစ်ဦးမှာ လားရှိုးပြည်သူ့ ဆေးရုံကြီးတွင် ဆေးတက်ရောက် ကုသနေရကြောင်း သိရသည်။

“သမီးတို့က ဘူတာလမ်းအတိုင်း ဘူတာဘက်ကနေ လားရှိုးတက္ကသိုလ်မှာ ကျင်းပပြုလုပ်တဲ့ နှစ်(၄၀)ပြည့် ပွဲကို လာတာပါ။ တိုက်တဲ့ကားက သမီးတို့ ဆိုင်ကယ်နောက်ကို အရှိန်ပြင်းပြင်းနဲ့ တိုက်ချလိုက်ပြီး သမီးတို့ ဆိုင်ကယ်လည်း မှောက်သွားပြီး လူတွေလည်း လွင့်သွားတယ်။ သမီးနဲ့အတူ လိုက်စီးလာတဲ့ သမီးညီမကတော့ ခြေထောက်ထိသွားတယ်။ သူကဆေးရုံတက်နေရတယ်။ သမီးကတော့ နဖူးနဲ့မျက်နှာမှာ ထိခိုက်ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ရပါတယ်” ဟု ယာဉ်တိုက်ခံရသူ လားရှိုးမြို့၊ ရပ်ကွက် (၇)တွင် နေထိုင်သူ နန်းမြတ်သဇင်ဦး ကပြောသည်။

မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များအား တိုက်သွားသောယာဉ်သည် လားရှိုးဘူတာဘက်မှ ဘူတာလမ်းအတိုင်း လားရှိုးတက္ကသိုလ်ဘက်သို့ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာကြောင်း၊ အဆိုပါယာဉ်သည် ၎င်းနှင့်လားရာသူ မောင်းနှင်လာသော ဆိုင်ကယ်အား နောက်မှဦးစွာ တိုက်မိခဲ့ကြောင်း ၎င်းမှတစ်ဆင့် ရှေ့မှလားရာတူ မောင်းနှင်နေသောကားအား ဆက်တိုက် တိုက်မိခဲ့ကာ ဘေးတွင်ရပ်တန့်ထားသော မော်တော်ကားများအား ဆက်လက် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“တိုက်တဲ့ကားက ဘူတာဘက်ကနေ အရှိန်ပြင်းပြင်းနဲ့ မောင်းလာတာ။ အရင်ဆုံး သူ့ရှေ့မှာမောင်းနေတဲ့ ဆိုင်ကယ်ကို အရင်ဦးဆုံး တိုက်မိတယ်။ အဲ့ဒီကမှတဆင့် ရှေ့မှာမောင်းနေတဲ့ ကားကိုဆက်တိုက်တယ်။ အဲ့ဒီအတိုက်ခံရတဲ့ကားက အရှိန်နဲ့လာရာလမ်းအတိုင်း ခေါင်းပြန်လှည့်သွားပြီး လားရှိုးတက္ကသိုလ်နှစ် (၄၀) ပြည့်ပွဲကို လာတဲ့သူတွေ ရပ်တန့်ထားတဲ့ လမ်းဘေးကကားတွေကို တိုက်တယ်။ အတိုက်ခံရတဲ့ကားတွေ အကုန်လုံးကတော့ ဆိုးဆိုးဝါးဝါး ပျက်စီးကုန်တယ်။ ဆိုင်ကယ်တစ်စီးဆိုရင်လည်း တော်တော်ပျက်စီး သွားတယ်” ဟု ယာဉ်တိုက်မှုဖြစ်စဉ်အား မျက်တွေ့မိသူတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်အား လားရှိုးမြို့ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အမှုဖွင့် အရေးယူထားပြီး ယာဉ်မောင်းသူကိုလည်း ဖမ်းဆီးထားကြောင်းသိရသည်။

 

Most Read

Most Recent