၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၇၀၀ ကျော်ရှိပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အများဆုံး ချေးယူထားကြောင်း သိရ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၇၀၀ ကျော်ရှိပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အများဆုံး ချေးယူထားကြောင်း သိရ
Published 20 January 2018

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၇၀၀ ကျော်ရှိပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ချေးငွေအများဆုံး ချေးယူထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

နေပြည်တော်၌ ဇန်နဝါရီ ၁၉ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး စတုတ္ထနေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့ သော ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အစိုးရ၏ ကြွေးမြီဆိုင်ရာ အစီရင်ခံစာနှင့် စပ်လျဉ်းပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

“၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ပြည်ပချေးငွေ စာချုပ်ချုပ်ဆိုတဲ့ စီမံကိန်း ၁၃ ခုရှိပြီးတော့ ဘဏ္ဍာနှစ် အတွင်းမှာ ဝန်ကြီးဌာနအလိုက် ပြည်ပချေးငွေစာချုပ်များ ချုပ်ဆိုတဲ့အပိုင်းမှာ ဆောက်လုပ်ရေး ဝန်ကြီးဌာနက အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆၀၀ ဒသမ ၇၁၂ သန်းခန့် ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် မတ် ၃၁ ရက်အထိ ချေးငွေစာချုပ် ချုပ်ဆိုထားသည့် ပမာဏကို ကြည့်မယ်ဆိုရင် ချေးငွေအများဆုံးပေးတဲ့ နိုင်ငံမှာတော့ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီဖြစ်ပြီးတော့ ကြွေးမြီလက်ကျန် အခြေအနေကတော့ တရုတ်နိုင်ငံက ချေးငွေက အများဆုံး ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် မတ် ၃၁ ရက်အထိ ချေးငွေချုပ်ဆိုထားတဲ့ ပမာဏအရ ချေးငွေအများဆုံး ရယူတဲ့ ဝန်ကြီးဌာနကတော့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဖြစ်ပြီး ချေးငွေပေးဆပ်ရန် ကျန်ရှိမှုမှာလည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အများဆုံး ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောကြားသည်။

၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (ဂျိုက်ကာ) မှ စီမံကိန်း ခြောက်ခုအတွက် အမေရိကန်ဒေါ်လာ ၁၁၁၅ ဒသမ ၇၈၁ သန်း ချေးငွေထုတ်ယူမှုသည် အများဆုံးဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းတစ်ခုတည်း ဖြစ်သည့်အတွက် ချေးငွေထုတ်ယူမှု အနည်းဆုံးဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားသည်။

ဝန်ကြီးဌာနအလိုက် ချေးငွေထုတ်ယူမှုတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ချေးငွေအများဆုံး ထုတ်ယူသုံးစွဲခဲ့ပြီး စက်မှုဝန်ကြီးဌာနက ချေးငွေထုတ်ယူမှု အနည်းဆုံးဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။

၂၀၁၇ ခုနှစ် မတ် ၃၁ ရက်တွင်ရှိသည့် ပြည်တွင်း ကြွေးမြီလက်ကျန် အခြေအနေသည် အစိုးရငွေတိုက် စာချုပ်တွင် ကျပ် ၃၃၈၆ ဒသမ ၁ ဘီလျံ (ကိုးရာခိုင်နှုန်း)၊ အစိုးရငွေတိုက် လက်မှတ်တွင် ကျပ် ၉၇၅ ဒသမ ၇ ဘီ လျံ (ငါးရာခိုင်နှုန်း)နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ အစိုးရငွေတိုက် လက်မှတ်များ ရောင်းချ၍ ငွေချေးယူခြင်းသည် ကျပ် ၁၃၆၅၈ ဒသမ ၂ ဘီလျံ (၇၆ ရာခိုင်နှုန်း) ဖြစ်ပြီး စုစုပေါင်း ကျပ်ဘီလျံ ၁၈၀၂၀ ဖြစ် ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ပြည်ပကြွေးမြီအနေဖြင့် အမေရိကန်ဒေါ်လာ ၉၅၇၁၇၁၃၄၀၄ ဒသမ ၂၈ ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားထားသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ နှစ်အလိုက် နိုင်ငံတော်၏ ပြည်တွင်းပြည်ပကြွေးမြီ အခြေအနေမှာ သမ္မတဦးသိန်းစိန် လက်ထက်ဖြစ်သည့် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၉၉၃၈ ဘီလျံ၊ ပြည်ပကြွေးမြီ ကျပ် ၆၃၃၅ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ပြည်တွင်း ကြွေးမြီ ကျပ် ၁၀၈၂၄ ဘီလျံ၊ ပြည်ပကြွေးမြီ  ကျပ် ၇၃၀၁ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၁၂၀၁၄ ဘီလျံ၊ ပြည်ပ ကြွေးမြီ ကျပ် ၉၅၆၁ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၁၂၄၈၇ ဘီလျံ၊ ပြည်ပကြွေးမြီ ကျပ် ၉၅၄၅ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၁၅၇၂၄ ဘီလျံ၊ ပြည်ပကြွေးမြီ ကျပ် ၁၂၂၄၆ ဘီလျံဖြစ်ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသစ် လက်ထက်ဖြစ်သည့် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ်ဘီလျံ ၁၈၀၂၀၊ ပြည်ပကြွေးမြီ ကျပ် ၁၀၈၄၁ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ပြည်တွင်းကြွေးမြီ ကျပ် ဘီလျံ ၁၉၃၆၀၊ ပြည်ပကြွေးမြီ ကျပ် ၁၃၁၁၃ ဘီလျံဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent