ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအကြား လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာမဟာဗျူဟာစီမံကိန်းဖြစ်သည့် ကမ်းခြေပတ်လမ်းစီမံကိန်းတွင် အရေးပါလာမည့် ရွှေသောင်ယံတံတား (မကျီးချောင်း) တည်ဆောက်မှု ၂၅ ရာခိုင်နှုန်းခန့် ပြီးစီး

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအကြား လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာမဟာဗျူဟာစီမံကိန်းဖြစ်သည့် ကမ်းခြေပတ်လမ်းစီမံကိန်းတွင် အရေးပါလာမည့် ရွှေသောင်ယံတံတား (မကျီးချောင်း) တည်ဆောက်မှု ၂၅ ရာခိုင်နှုန်းခန့် ပြီးစီး
Published 20 January 2018

ရွှေသောင်ယံတံတား (မကျီးချောင်း) တည်ဆောက်မှုလုပ်ငန်းခွင်အား တွေ့ရစဉ်

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအကြား လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ  မဟာဗျူဟာစီမံကိန်းဖြစ်သည့် ကမ်းခြေပတ်လမ်း စီမံကိန်းတွင် အရေးပါလာမည့်တံတားတစ်စင်းဖြစ်သော ချောင်းသာ-ရွှေသောင်ယံလမ်းပေါ်ရှိ ရွှေသောင်ယံတံတား (မကျီး ချောင်း) တည်ဆောက်နေမှုမှာ ၂၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ပြီး လာမည့်မေလအကုန်တွင် လုပ်ငန်းအားလုံးပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း သတင်းရရှိသည်။

ရွှေသောင်ယံတံတား တည်ဆောက်ပြီးစီးပါက ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအကြား ဖောက်လုပ်မည့် ကမ်းခြေပတ်လမ်း စီမံကိန်းတွင် အရေးပါလာသည့် တံတားတစ်စင်းဖြစ်မည့်အပြင် အသစ်ဖွင့်လှစ်ရန် ပြင်ဆင်နေသည့် ရွှေသောင်ယံကမ်းခြေ သို့ သွားလာရာတွင်လည်း ယခင်ကကဲ့သို့ ဇက်မကူးရသောကြောင့် အဆင်ပြေလွယ်ကူမည်ဖြစ်ပြီး ပြည်တွင်းပြည်ပခရီးသွားများစွာပါ ဝင်ရောက်လာနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါတံတားအား စတင်တည်ဆောက်ရန် စီမံကိန်းရေးဆွဲစဉ်က ဘေလီတံတားအဖြစ်သာ ရေးဆွဲခဲ့သော်လည်း တိုင်းဒေသကြီးအတွက် အရေးပါလာမည့်တံတားတစ်စင်းဖြစ်သောကြောင့် သံကူကွန်ကရစ်တံတားအဖြစ် ပြောင်းလဲတည်ဆောက်ရခြင်းဖြစ်ကြောင်း၊ တံတား၏အရှည်မှာ ၈၂၆ ပေ ၉ လက်မရှည်လျားကြောင်း သိရသည်။

“ပထမ ကျွန်တော်တို့က ဟိုဘက်မှာလည်း ရွှေသောင်ယံဆိုလို့ရှိရင် ၉ မိုင် ၁၀ မိုင် လောက်ရှိတဲ့ ကမ်းခြေရှိတယ်။ တကယ်ဆို နိုင်ငံခြားသားတွေအတွက် စိတ်ဝင်စားနိုင်မယ့် အရာတွေလည်း အများကြီးရှိတယ်။ သို့သော်လည်းပဲ ဒီကြားထဲမှာ ဒီချောင်းကို ဇက် နဲ့ကူးနေရတာပေါ့နော်။ ဇက်နဲ့ကူးနေရတော့  ပထမ ကျွန်တော်က မြန်မြန်ဆန်ဆန်ဖြစ်အောင်ဆိုပြီးတော့ ဘေလီတံတားထိုးဖို့ ကျွန်တော်ကြိုးစားတာပေါ့နော်။ ရှိတဲ့တိုင်းဘက်ဂျက်နဲ့ သို့သော်လည်းပဲ နောင်တစ်ချိန်ကို ဒီမှာ ရွှေသောင်ယံတို့ ဝက်သေစသည် အဲဒီ ကနေတစ်ဆက်တည်း ချောင်းသာအထိကို လမ်းစဉ်းစားနိုင်ခဲ့မယ်ဆိုရင် နိုင်ငံခြားသား ဝင်ရောက်မှု အများကြီးဖြစ်လာနိုင်မှာဖြစ်လို့ လုပ်မယ့်လုပ်တော့ ဘေလီတံတားနဲ့ မလုပ်တော့ဘူး။ ကွန်ကရစ်တံတားအဖြစ်လုပ်မယ် ဆိုပြီးတော့ တိုင်းဒေသကြီးဘတ်ဂျက်နဲ့ ကြိုးစားပြီးတော့ ထည့်ပြီးလုပ်တာပါ။ ဒါဆိုလိုရှိရင် ဘာပဲပြောပြော ဇက်တွေ ဘာတွေ ကူးစရာ မလိုတော့ဘဲနဲ့ ရွှေသောင်ယံဘက်ကို ဝက်သေတို့ မသာတို့စသည်အားဖြင့် ဟိုးဘက် ရခိုင်ပြည်နယ် ကျောက်ချွန်းဘက်အထိပါ စဉ်းစားလို့ရတဲ့အတွက် ဒီတံတားကို ကွန်ကရစ်တံတားပေါ့နော်။ စဉ်းစားပြီးတော့ ၁၇-၁၈ ဘတ် ဂျက်မှာ တိုင်းဒေသကြီးဘတ်ဂျက်မှာ ထည့်ပြီးတော့ဆောက်တာပါ။ ရခိုင်ပြည်နယ်နဲ့ ကမ်းခြေပတ်လမ်းဖြစ်လာပြီဆိုရင်လည်း  ဒီတံတားကပဲဖြတ်သွားမှာ။ ဒါကတော့ ကျွန်တော်တို့ နောင်တစ်ချိန်မှာ ဖြစ်လာနိုင်တဲ့ဟာကို စဉ်းစားထားလို့ ဘေလီတံတားကို မလုပ်တော့ဘဲနဲ့ တစ်ခါတည်း ကွန်ကရစ်တံတား ဆောက်လိုက်တာပါ” ဟု ဧရာဝတီတိုင်းဒေ သကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ လမ်းပန်းနှင့် စက်မှုဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

အဆိုပါတံတားတည်ဆောက်စီမံကိန်းတွင် မြေနေရာများ လက်လွတ်ဆုံးရှုံးခဲ့ရသည့် ဒေသပြည်သူများကိုလည်း တိုင်းဒေသကြီးအစိုးရမှ နစ်နာကြေးများ ပေးအပ်သွားမည်ဖြစ်ပြီး တံတားတည်ဆောက်မှု ပြီးဆုံးပါက ရွှေသောင်ယံမြို့တွင် အသစ်ဖွင့်လှစ်မည့် ရွှေသောင်ယံ ကမ်းခြေအပန်းဖြေစခန်းမှာလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent