ဟင်္သာတခရိုင်၌ ကျောင်းမုန့်ဈေးတန်းများတွင် စားသုံးရန်မသင့်သည့်မုန့်များ ရောင်းချမှုမရှိစေရန် ကျောင်းမုန့်ဈေးတန်း စားသုံးသူရေးရာအဖွဲ့များ ဖွဲ့စည်းစစ်ဆေး

ဟင်္သာတခရိုင်၌ ကျောင်းမုန့်ဈေးတန်းများတွင် စားသုံးရန်မသင့်သည့်မုန့်များ ရောင်းချမှုမရှိစေရန် ကျောင်းမုန့်ဈေးတန်း စားသုံးသူရေးရာအဖွဲ့များ ဖွဲ့စည်းစစ်ဆေး
Published 20 January 2018

ကျောင်းမုန့်ဈေးတန်းများ၌ စားသုံးရန်မသင့်သည့်မုန့်များ ရောင်းချမှုမရှိစေရန် ဟင်္သာတခရိုင်၌ ကျောင်းစားသုံးသူရေးရာ အဖွဲ့များ ဖွဲ့စည်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကျောင်းစားသုံးသူရေးရာအဖွဲ့များကို ဆရာ၊ ဆရာမများဖြင့် အဓိကဖွဲ့စည်းထားပြီး အချို့ကျောင်းများတွင် ကျောင်းသားမိဘများကိုပါ ထည့်သွင်းဖွဲ့စည်းထားကြောင်း သိရသည်။

“ဟင်္သာတခရိုင် ခြောက်မြို့နယ်မှာ ကလေးတွေ အန္တရာယ်ကင်းစေဖို့ ကျောင်းစားသုံးသူရေးရာအဖွဲ့တွေ ဖွဲ့စည်းထားပါတယ်။ သင်တန်းတွေလည်း ပေးထားပါတယ်။ ကျောင်းသားကျောင်းသူတွေကိုလည်း ဟောပြောပါတယ်။ မုန့်ဈေးတန်းတွေမှာ တားမြစ်ထားတဲ့မုန့်တွေ မရောင်းဖို့ လမ်းညွှန်ထားပါတယ်။ တားမြစ်ထားတဲ့မုန့် မဟုတ်ပေမဲ့လည်း တွဲဖက်မရောင်းသင့်တဲ့ အစားအစာတွေ တွဲမရောင်းဖို့လည်း လမ်းညွှန်ထားပါတယ်။ တားမြစ်မုန့်တွေမှာ မပါတဲ့ ဒေသထွက်မုန့်တွေ၊ ကောက်ညှင်းပေါင်းတို့၊ မုန့်စိမ်းပေါင်းတို့ စတဲ့အစားအစာတွေမှာ အနံ့အသက်မကောင်းတဲ့မုန့်တွေ၊ ပုပ်သိုးပြီးတော့ မှိုတက်တဲ့မုန့်တွေ မရောင်းဖို့၊ မုန့်ဟင်းခါးတို့၊ အသုတ်တို့လို ဟာမျိုးကျတော့ လက်အိတ်တွေနဲ့ ရောင်းဖို့ဒါတွေကိုလည်း လမ်းညွှန်ထားပါတယ်။ ကျောင်းမုန့်ဈေး တန်းအဖွဲ့တွေက ဒီဟာတွေကို သေသေချာချာစစ်ဆေးသလို ကျွန်တော်တို့ စားသုံးသူ ရေးရာအဖွဲ့တွေကလည်း အခါအားလျော်စွာ လစဉ် စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်” ဟု စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတခရိုင် ဦးစီးမှူး ဦးကြည်ဟန်က ပြောကြားသည်။

စာသင်ကျောင်းများ၌ မုန့်ဈေးတန်း နှင့် ပတ်သက်၍ ကြီးကြပ်နိုင်ရန် ကော်မတီဖွဲ့ ဆောင်ရွက်မှုကြောင့် ယခင်ကထက် ပိုမို ကောင်းမွန်လာသည့်အနေအထားမျိုး တွေ့ရှိရကြောင်း၊ FDA နှင့် စာသုံးသူရေးရာဦးစီးဌာနတို့မှ ကျောင်းကော်မတီနှင့်ပူးပေါင်း ကာ ရှောင်တခင်ကွင်းဆင်းစစ်ဆေးမှုများကို ပိုမိုလုပ်ဆောင်ပေးနိုင်မည်ဆိုပါက ထိရောက်သည့်ကာကွယ်မှုမျိုးဖြစ်လာနိုင်မည် ဖြစ်ပြီး ရောင်းချသူများဘက်မှလည်း ပိုမို လေးစားလိုက်နာလာနိုင်ဖွယ်ရှိကြောင်း ကျောင်းသားမိဘတစ်ဦးဖြစ်သူ ကိုထွန်း ထွန်းနိုင်က သုံးသပ်ပြောကြားသည်။

“နောက်တစ်ချက်ကတော့ စားသုံးရန်မသင့်တဲ့ မုန့်နာမည်တွေကို ဗီနိုင်းတို့၊ ပိုစတာတို့နဲ့ ကော်မတီတွေ၊ FDA တို့က လုပ်ပေးနိုင်လည်း လုပ်ပေးနိုင်၊ လုပ်မပေးနိုင်ရင်လည်း ကျောင်းကော်မတီတွေနဲ့ ပူးပေါင်း၊ အလှူရှင်တွေရှာပြီး ကပ်ပေးထားနိုင်မယ်ဆိုရင် ကလေးတွေက ရှောင်ရှားပြီး ဝယ်နိုင်မှာ ဖြစ်ပါတယ်။ ထမင်းချိုင့်လာကျွေးတဲ့မိဘတွေကလည်း ဒီစာတွေ ဖတ်မိမယ်ဆိုရင် သူတို့လည်း ကလေးတွေကို ဒါတွေမစားဖို့ အခါအားလျော်စွာ တိုက်တွန်းကြမယ်ဆိုရင် ပိုပြီးတော့ ထိရောက်နိုင်ပါတယ်။ ကလေးတွေကတော့ ဘယ်ဟာက ဆိုးဆေးပါတယ်။ ဘယ်ဟာက စားသုံးရန်မသင့်ဘူးဆိုတာ သူတို့က သိပ်သိမှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ အဲဒီလိုမျိုး ကပ်ပေးနိုင်မယ်ဆိုရင် ပိုပြီးတော့ကောင်းမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်းမြို့နယ်တို့၌ အခြေခံပညာအဆင့် စာသင်ကျောင်းပေါင်း ၁၁၈၄ ကျောင်းရှိပြီး ကျောင်းအားလုံး၌ ကျောင်းစားသုံးသူရေးရာအဖွဲ့များ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent