ကချင်ပြည်နယ်အတွင်း ဖောက်ခွဲမှုများတွင် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်နေမှုကို ပြန်လည်သုံးသပ်မည်ဟု ပြည်နယ်ရဲမှူးကြီးပြောကြား

ကချင်ပြည်နယ်တွင်း ဖောက်ခွဲမှုများတွင် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်နေမှုကို ပြန်လည်သုံးသပ်မည်ဟု  ပြည်နယ်ရဲမှူးကြီး ထွန်းဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

၂၀၁၇ ခုနှစ် သြဂုတ် ၉ ရက် နံနက်ပိုင်းက လီဒိုလမ်းမပေါ်တွင် ပေါက်ကွဲမှုကြောင့် သေဆုံးသူနှစ်ဦးအနက် တစ်ဦးမှာ မီးသတ်တပ်စုမှူးဖြစ်ကြောင်းနှင့် ယခင်မြစ်ကြီးနား မြို့ပေါ်တွင် ပေါက်ကွဲခဲ့မှုများတွင် မီးသတ်အဖွဲ့ဝင်များ၊ ၀တ်စုံများနှင့် ဖောက်ခွဲခဲ့မှုများရှိကြောင်း ပြည်နယ်ရဲမှူးကြီးက ဆိုသည်။

ကချင်ပြည်နယ် ရဲမှူးကြီးထွန်းဦးက “မနေ့က ဆီးဒီယံနှင့် နန်နွမ်ကြားမှာသေဆုံးတဲ့ သူတွေကတစ်ဦးက မီးသတ်ဌာနက တပ်စုမှူးပါ။တစ်ဦးကဆင်ပိုင်ရှင်လို့ သိရတယ်။ မီးသားစုဝင်ပြောတာက သြဂုတ် ၇ ရက် ကတည်းက ငါးရှာသွားရင်းပျောက်ဆုံးသွားတယ်လို့ ပြောထားတယ်။ သေဆုံးခဲ့သူတွေက နမ္မတီးမြို့၊ လမ်းခွကျေးရွာ၊ ညောင်ပင်ရပ်ကွက်  ဦးဖော်ဂတ်နော်လတ်က အရန်မီးသတ်တပ်ဖွဲ့ တပ်စုမှူးပါ။ ဦးလဘန်နော်ဘောက်က ဆင်ပိုင်ရှင်ပါ။ မိသားစုတွေနဲ့ပါပဲ။ လုံခြုံရေး ကိစ္စတွေမှာ အရန်မီးသတ်တပ်ဖွဲ့ကို အပြင်စည်းတွေ၊ အတွင်းစည်းတွေမှာ မကြာမကြာသုံးလေ့ရှိတယ်။ ပေါ်လစီအရ အဲဒီလိုမျိုးသုံးတော့ တစ်ဖက်ကလည်း တန်ပြန်အသုံးချတယ်လို့ ယူဆပါတယ်။ အရင်မြစ်ကြီးနားမြို့ အားကစားကွင်းဘေးမှာ ပေါက်ကွဲတုန်းကလည်း မီးသတ်ကပဲ။ နောက်ပြီး ၂၀၁၁ ခုနှစ် သီတာရပ်ကွက် ပေါက်ကွဲမှုမှာ လူတွေအများကြီးသေတုန်းက မီးသတ်ကပဲ။ အခုစီစစ်နေတယ်။ မီးသတ်ဌာနက လူဆိုရင်စစ်ဆေး မေးမြန်းမှုလွတ်ကင်းမှုရှိနေတဲ့အခါ အခုလို မီးသတ်တပ်ဖွဲ့ဝင်တွေကို အသုံးချတယ်လို့ ယူဆတယ်။ တပ်ဖွဲ့ဝင်ကိုယ်ရေးအချက်အလက်တွေ  ပြန်လည်စီစစ်ဖို့ ရှိပါတယ်။ မီးသတ်တပ် ဖွဲ့ထဲမှာမှ လူနည်းနည်းလေးကို အသုံးချတာပါ။ အခမ်းအနားကြီးတွေမှာ မီးသတ်ဆိုပြီးအတွင်းစည်းတွေမှာထားလို့ မရဘူးလို့ သုံးသပ်ထားပါတယ်” ဟု ပြောကြားသည်။

၂၀၁၆ ခုနှစ်အတွင်းတစ်နိုင်ငံလုံးမြေ မြုပ်မိုင်းကြောင် သေဆုံးသူ၄၁ ဦးနှင့် ဒဏ်ရာရသူ ၁၆၁ ဦးအထိရှိခဲ့ကြောင်း ERW/ Information သတင်းအချက်အလက် မှတ်တမ်းများအရ သိရသည်။ မြေမြုပ်မိုင်း အန္တရာယ်အမြင့်ဆုံးပြည်နယ်မှာ ရှမ်းပြည်နယ်ဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွင်း ကလေးသူငယ် ခုနစ်ဦး အပါအ၀င် လူပေါင်း ၂၀ သေဆုံးကာ ၈၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒုတိယအများဆုံးမှာ ကချင်ပြည်နယ်ဖြစ်ပြီး ကလေးသူငယ်တစ်ဦး အပါအ၀င် လူပေါင်း ၁၈ ဦးသေဆုံးခဲ့ပြီး ၅၅ ဦး ဒဏ်ရာများရရှိခဲ့သည်။ တတိယအများဆုံးမှာ ကရင်ပြည်နယ်ဖြစ်ပြီး လူပေါင်း ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်။