ရန်ကုန်တိုင်းဒေသကြီး၌ လျှပ်စစ်မီတာခ သုံးဆတိုးမြှင့် ကောက်ခံမည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ပြောကြား

မတ် ၃ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို တွေ့ရစဉ်(ဓာတ်ပုံ-နီလာ)

ရန်ကုန်တိုင်းဒေသကြီး၌ လျှပ်စစ်မီတာခ သုံးဆ တိုးမြှင့် ကောက်ခံမည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က မတ် ၃ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်/စက်မှု အသင်းချုပ်၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် ပြောကြားသည်။

“ဒါကတော့ လျှပ်စစ်သမားတွေ အားလုံး သိပါတယ်။ မီတာက တိုးတက်ကောက်မယ်ဆိုရင်လည်း ကိုယ်စိတ်ထင်တိုင်း တိုးတက်ကောက်ယူလို့ ရတာမှ မဟုတ်တာ။ နည်းလမ်းပေါင်းစုံနဲ့ အချက်အလက်ပေါင်းစုံနဲ့ ညှိနှိုင်း တွက်ချက်ပြီးတော့ အဖြေရှာနေကြရခြင်း ဖြစ်ပါတယ်။ ခိုင်လုံတဲ့ အကြောင်းအချက်တွေ ရှိရမယ်။ ကိန်းဂဏန်းတွေ ရှိရမယ်။ ဒီအပေါ်မှာ အခြေခံပြီး စနစ်တကျနဲ့ တွက်ချက်ထားတာဖြစ်ရမယ်။ အဲဒီလိုတွက်ချက်နေတဲ့ အနေအထားမှာ ဒီလိုမျိုး လွယ်လွယ်ကူကူပေါ့ ၀န်ကြီးချုပ်ပြောစကားထဲမှာလည်း မပါပါ ဘူး။ ဒီသုံးဆဆိုတဲ့စကားလုံးက အဲဒီကနေ ဘယ်သူ့ဘက်ကနေ စပြီးလွဲသွားလဲတော့ မသိဘူး။ မီတာခ သုံးဆတက်မယ်ဆိုတဲ့ မမှန်ကန်တဲ့ သတင်းတစ်ခု တက်သွားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

မတ် ၂ ရက်က ရန်ကုန်တိုင်းဒေသကြီး  ၀န်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ နှင့် တွေ့ဆုံခြင်းမျိုး မဟုတ်ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ အချင်းချင်းတွေ့ဆုံသည့်ကိစ္စ ရပ်တစ်ခု ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆိုသည်။ “မီတာခ သုံးဆတက်မယ်ဆိုတဲ့သတင်းက ဘယ်လိုကနေ ဘယ်လိုဖန်တီးပြီး ဖြစ်သွားလဲ မသိပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်မတို့တိုင်းပြည်မှာ လျှပ်စစ်ကို ထုတ်လုပ်တယ်၊ ဖြန့်ဖြူးတယ်၊ အဲဒီလိုစရိတ်စကတွေနဲ့ လျှပ်စစ်ကို ရောင်းချတာကနေ ပြန်လည်ရရှိတဲ့ဝင်ငွေဟာ အချိုးအစားမမျှတတဲ့အတွက် နှစ်စဉ် နိုင်ငံတော်က ပြီးခဲ့တဲ့ နှစ်ကဆိုရင် ကျပ် ၄၇၀ ဘီလျံ နိုင်ငံတော်က စိုက်ထုတ်ပြီး အရှုံးခံခဲ့ရပါတယ်။ ဒီငွေတွေဟာလည်း ပြည်သူ့ငွေတွေပါပဲ။ အဲဒီအတွက် လျှပ်စစ်ဓာတ်အား မရှိရင်လည်း ကျွန်မတို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ ခက်ခဲပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လျှပ်စစ်ဓာတ်အားက အဓိကကျပါတယ်။ အဲဒီအခြေအနေမှာ လျှပ်စစ်က ဒီအခြေအနေတိုင်းဆက်သွားရင် လျှပ်စစ်ဓာတ်အား တိုးထုတ်လေ ပိုရှုံးလေပဲဖြစ်မှာပါ” ဟု ဒေါ်နီလာကျော်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာတွင် နောက်ထပ်လိုအပ်မည့် လျှပ်စစ်ဓာတ်အားများ ပြည့်မီအောင် ထုတ်လုပ်မည်ဆိုပါက မူလခန့်မှန်းထားချက်အရ ကျပ် ၉၀၀ ဘီလျံအထိ ရှုံးနိုင်သည့်အခြေအနေရှိနေကြောင်း ဒေါ်နီလာကျော်က ပြောကြားသည်။              

 

Writer: 
နီလာ