အဆိုပြု အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ အား တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အလုပ်ရှင်နှင့်အလုပ်သမားများ၏ ကန့်ကွက်မှုများရှိနေ

အဆိုပြု အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ အား တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အလုပ်ရှင်နှင့်အလုပ်သမားများ၏ ကန့်ကွက်မှုများရှိနေ
Published 20 January 2018

အဆိုပြု အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၄၈၀၀ အား တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အလုပ်ရှင်နှင့် အလုပ်သမားများ ကန့်ကွက်မှုများရှိနေကြောင်း ဇန်နဝါရီ ၁၉ ရက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးမျိုးအောင်၏ ပြောကြားချက်အရ သိရသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၌ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားမှာ တစ်ရက်လျှင် ကျပ် ၄၈၀၀ ဖြစ်ပြီး အလုပ်သမား ၁၀ ဦးနှင့်အထက် လုပ်ငန်းများတွင် အကျုံးဝင်သည်ဟု သတ်မှတ်ခဲ့သည်။

“အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားကို ကန့်ကွက်မှုတွေရှိတယ်။ သိတာတော့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းမှာ ရှိတယ်လို့ သိထားတယ်။ အလုပ်ရှင်လည်းပါတယ်။ အလုပ်သမားလည်းပါတယ်။ နှစ်ဖက်စလုံး (ကန့်ကွက်လွှာ) တင်ထားတယ်လို့ သိရတယ်။ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းတွေက အနည်းဆုံးအခကြေးငွေကော်မတီက ဖြေရှင်းဖို့လုပ်နေကြတယ်။ သူတို့က အလုပ်ရှင် နဲ့ အလုပ်သမားကိုဖြေရှင်းမယ်။ ဖြေရှင်းပြီးတော့မှ ဆွေးနွေးမယ်။ မကွေးမှာဆို ထူးထူးခြားခြား အလုပ်သမားကိုယ်စားလှယ်တွေက ၈၀၀၀ တောင်တောင်းဖို့တင်ထားတယ်လို့ ကြားရတယ်။ ရန်ကုန်တိုင်းကတော့ ၅၆၀၀ တွေများတယ်။ အလုပ်ရှင်တွေက ၄၀၀၀၊ ၄၄၀၀ အဲဒီ ဝန်းကျင်တွေကြားတယ်”ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။

၂၀၁၅ ခုနှစ်က အနည်းဆုံးအခကြေးငွေ သတ်မှတ်စဉ်ကလည်း ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ကန့်ကွက်စာ ၃၃၀ ခန့်ရှိကြောင်း သိရသည်။

အဆိုပြုအနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ အား ကန့်ကွက်မှုများရှိသော်လည်း လူတစ်ဦးချင်းစီ၏ သဘောထားထက် လူအများစု၏ သဘောထားကို ကြည့်ရမည်ဖြစ်ကြောင်း ဦးမျိုးအောင်က “သွားရမယ့်လမ်းကြောင်းက အများစုရဲ့ သဘောထားလေ။လူတစ်ဦးချင်းစီရဲ့ သဘောထားကို ဒီအချိန်မှာ ဦးစားပေးလို့ မရတော့ဘူး။ အကြံပြုချက်တွေ ကောင်းနေရင်တော့တစ်မျိုးပေါ့။ သို့သော်လည်း အများစုရဲ့သဘောထားကို လိုက်ရမယ့် အနေအထားဖြစ်သွားပြီလေ” ဟု ဆိုသည်။

အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထား တစ်ရက် ကျပ် ၄၈၀၀ ကို ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်နိုင်ကြောင်း ဥပဒေတွင် ပါရှိသော်လည်း ကန့်ကွက်လွှာပေးပို့ရန် ရက်သတ္တပတ်နှစ်ပတ်သာ အချိန်ပေးသည့်အတွက် ကန့်ကွက်မှုများ ရှိကြောင်း သိရသည်။

Most Read

Most Recent