ပဲစင်းငုံရိတ်သိမ်းချိန် ရောက်နေသော်လည်း စိုက်ပျိုးစရိတ် ပြန်မရနိုင်သည့် အခြေအနေများကြောင့် ရိတ်သိမ်းမှု မရှိသူ များပြား

ပဲစင်းငုံရိတ်သိမ်းချိန် ရောက်နေသော်လည်း စိုက်ပျိုးစရိတ် ပြန်မရနိုင်သည့် အခြေအနေများကြောင့် ရိတ်သိမ်းမှု မရှိသူ များပြား
Published 20 January 2018

ရိတ်သိမ်းမှုမရှိသည့် ပဲစင်းငုံစိုက်ခင်း တစ်ခုကို တွေ့ရစဉ်

မကွေးတိုင်းဒေသကြီး သရက်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ပဲစင်းငုံရိတ်သိမ်းချိန် ရောက်နေသော်လည်း စိုက်ပျိုးစရိတ်ပင် ပြန်မရနိုင်သည့် အခြေအနေများကြောင့် ရိတ်သိမ်းမှုမရှိဘဲ ပစ်ထားသူ များပြားနေကြောင်း သတင်းရရှိသည်။

ပဲစင်းငုံပေါ်စ ပိဿာ ၂၀ တစ်တင်းလျှင် ကျပ် ၁၂၀၀၀ ခန့်သာ ပေါက်ဈေးရှိကာ ပြီးခဲ့သည့်နှစ်များဖြင့်ယှဉ်ပါက ဈေးလေးဆဝန်းကျင်အထိ ကျဆင်းပြီး ပဲစင်းငုံစိုက်တောင်သူများအတွက် တွက်ခြေမကိုက်သဖြင့် ဈေးကွက်သို့ တင်ပို့ရောင်းချသူ မရှိသလောက် နည်းပါးနေသည့်အပြင် ပဲဈေးအဆမတန် ကျဆင်းနေမှုကြောင့် တောင်သူများ စိတ်ဓာတ်ကျနေပြီး ရိတ်သိမ်းချိန် ရောက်ရှိနေသည့် ပဲစင်းငုံအခင်းများ ရိတ်သိမ်းမှုမရှိဘဲ လက်ရှိအတိုင်း ထားသူများလည်းရှိကြောင်း ဒေသခံများက ပြောကြားသည်။

“ပြီးခဲ့တဲ့နှစ်တွေက ဈေးမရဘူးဆို အနိမ့်ဆုံး ၃၀၀၀၀ တော့ရှိပါတယ်။ ဈေးကောင်းတဲ့ နှစ်ဆိုတစ်တင်းကို ကျပ် ၅၀၀၀၀ လောက်အထိ ဈေးရတယ်။ ပဲစင်းငုံစိုက်စရိတ်က တစ်ဧကကို နှစ်သိန်းနီးပါးလောက်ကုန်တယ်။ ထွက်နှုန်းကျတော့ မြေအလွန်ကောင်းမှ ၁၀  တင်းလောက်ထွက်တာ။ မြေမကောင်းရင် ငါးတင်းအောက်ပဲ ထွက်တယ်။ အခုဈေးနဲ့သာ ရောင်းမယ်ဆိုရင် တောင်သူတွေ ခွက်ခွက်လန်အောင် ရှုံးတယ်။ ဒါကြောင့် ပွဲရုံတွေကို မရောင်းတဲ့လူတွေ ရှိသလို ပဲစင်းငုံခင်းကို ပဲမသိမ်းတော့ဘဲ ဒီအတိုင်းပစ်ထားတဲ့ လူတွေလည်း အများကြီးပဲ” ဟု ဒေသခံတောင်သူတစ်ဦးက ပြောကြားသည်။

“အခုနှစ်က ဆိုးဆိုးရွားရွားကို ဈေးကကျနေတာ။ ပဲစင်းငုံတွေက အခင်းထဲမှာ အတောင့်တွေ ခြောက်တောင် ခြောက်နေပြီ။ သိမ်းမယ်ဆိုရင်လည်း တချို့အခင်းတွေဆိုရင် အလုပ်သမားစရိတ်တောင် ပြန်မရနိုင်ဘူး။ တောင်သူတွေလည်း စိတ်ဓာတ်တွေကျလို့ ဒီအတိုင်း မသိမ်းဘဲထားတဲ့ လူတွေတောင်ရှိတယ်” ဟု အောင်လံမြို့နယ် မိုးကောင်းကျေးရွာဒေသခံ တောင်သူတစ်ဦးက ပြောကြားသည်။

ပဲစင်းငုံကို အောင်လံနယ်တွင် ယခုနှစ် ဧက ၁၀၀၀၀ ကျော်အထိ စိုက်ပျိုးထားကာ ပြီးခဲ့သည့်နှစ်မှစတင်ကာ နိုင်ငံခြားအဝယ် ရပ်ဆိုင်းခဲ့သဖြင့် ဈေးကျကာ ပဲစင်းငုံဈေးကွက် ပျက်ခဲ့ရပြီး ပဲစင်းငုံစိုက်တောင်သူများ အရှုံးပေါ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent