ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ ဒေသထွက်ကုန် ငါးရံ့ခြောက်များ ရောင်းအားကျ၍ အရှုံးပေါ်

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ ဒေသထွက်ကုန် ငါးရံ့ခြောက်များ ရောင်းအားကျ၍ အရှုံးပေါ်
Published 20 January 2018

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်အတွင်းရှိ ငါးရံ့ခြောက် အရောင်းဆိုင် တစ်ဆိုင်အား တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ ဒေသထွက် ငါးရံ့ခြောက်များကို နှစ်စဉ်လုပ်ကိုင် ရောင်းချနေသော ငါးရံ့ခြောက် ဈေးသည်များမှာ ဈေးနှုန်းပုံမှန် ဖြစ်သော်လည်း ယခုနှစ်တွင် ရောင်းအားကျ၍ အရှုံးပေါ်ကြောင်း သိရသည်။

ဝေါမြို့နယ်ဒေသထွက် ငါးရံ့ခြောက်များသည် မြန်မာနိုင်ငံတစ်ဝန်း လူသိများပြီး ဝယ်ယူစားသုံးသူ များပြား၍ ဘုရားဖူးများ ခရီးသွားဧည့်သည်များ တောင်ပေါ်ဒေသများမှ ဝယ်ယူစားသုံးကြ၍ နှစ်စဉ်ရောင်းအား ကောင်းခဲ့သော်လည်း ယခုနှစ်တွင် တောင်ပေါ်ဒေသများမှ ဝယ်လက်မဆင်းခြင်း၊ ဘုရားဖူးများ ဝယ်ယူအားပေးမှု လျော့နည်းသွား၍ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

“ကျွန်မတို့က ရန်ကုန်-မော်လမြိုင်-ထားဝယ် ကားလမ်းပေါ်ဆိုတော့ ကျိုက်ထီးရိုးဘုရားဖူးတွေ မော်လမြိုင်၊ ထားဝယ် ခရီးသွားတွေကို အားထားပြီး ရောင်းတယ်။ ဈေးကတော့ အရင်နှစ်တွေအတိုင်း အကောင်သေးဆိုရင် တစ်ပိဿာ နှစ်သောင်းခွဲ၊ သုံးသောင်း၊ အကောင်ကြီးဆို လေးသောင်းရောင်းတယ်။ ဈေးကပုံမှန်ပါပဲ။ ဒါပေမဲ့ ဝယ်တဲ့သူ နည်းသွားတယ်။ ဘုရားဖူးကားတွေလည်း ပိုများလာတယ်။ ဒါပေမဲ့ ဝယ်သူမရှိဘူး။ ငါးအစိမ်းဈေး ကတော့ တက်တယ်။ မနှစ်က တစ်ပိဿာ ၈၀၀၀ မှ ၉၀၀၀ ကြားပဲရှိတယ်။ ဒီနှစ် ၁၂၀၀၀ အထိပေါက်တယ်။ အခြောက်ဈေးကတော့ အရင်ဈေးတိုင်းကို မရောင်းရတာ ရက်ကြာလေ ပိုရှုံးလေပဲ။ ခြောက်ပြီး အလေးချိန်က လျော့သွားတာ မနှစ်က တစ်နေ့တစ်နေ့ လေးငါးသိန်းဖိုး ရောင်းရတယ်။ ဒီနှစ် လေးငါးသောင်းဖိုးတောင် မရဘူး” ဟု ငါးရံ့ခြောက်ရောင်းသူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် တစ်နှစ်လျှင် စည်ပင်သို့ ကျပ် ၁၀၀၀၀ ငါးလုပ်ငန်း ဦးစီးဌာနသို့ ကျပ် ၂၀၀၀၀ အမြတ်ခွန် ကျပ် ၇၄၀၀၀ ကို ငါးရံ့ခြောက်ဆိုင် အားလုံးက ပေးဆောင်ရကြောင်း သိရသည်။

 

Most Read

Most Recent