w နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် ကော့သောင်းမြို့တွင် ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှု ပွဲတော်ကို ဖေဖော်ဝါရီတွင် ကျင်းပမည် - Eleven Media Group <

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် ကော့သောင်းမြို့တွင် ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှု ပွဲတော်ကို ဖေဖော်ဝါရီတွင် ကျင်းပမည်

ကော့သောင်းခရိုင် အတွင်းရှိ ကျွန်းများသို့ လာရောက် လည်ပတ်ကြသူများအား တွေ့ရစဉ်

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် ရည်ရွယ်ပြီး ကော့သောင်းမြို့တွင် ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်ကို လာမည့်ဖေဖော်ဝါရီလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် အတွင်းရှိ ကျွန်းများမှာ လှပပြီး နိုင်ငံတကာ ခရီးသွားများ စိတ်ဝင်စားလာသည့် နေရာတစ်ခုဖြစ်ရာ ပြည်တွင်းပြည်ပ ခရီးသွားများမှာ ပြီးခဲ့သည့် နှစ်နှစ်အတွင်း အများဆုံး လာရောက်လည်ပတ် ခဲ့ကြကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်မှာ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် ကော့သောင်းမြို့သို့ ရောက်ရှိလာပြီး ဒေသခံများ၊ လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများကို တွေ့ဆုံရာတွင် ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှု ပွဲတော်အား လာမည့် ဖေဖော်ဝါရီ နောက်ဆုံးအပတ်တွင် ကျင်းပရန် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“၀န်ကြီးချုပ်က ကော့သောင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုပြီး ဒေသခံတွေနှင့် လာရောက်တွေ့ဆုံပြီး ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်တစ်ခု ကျင်းပဖို့ ညွှန်ကြားခဲ့တယ်။ အမှန်တိုင်းသုံးသပ်ရရင် ဒေသခံတွေအတွက် အကျိုးရှိမယ့် အနေအထား မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခရီးသွား ဧည့်သည်တွေက ကော့သောင်းမြို့ပေါ်ကို တက်လည်ပတ်လေ့ မရှိဘူး။ တစ်ဖက်ကမ်းကနေ ကျွန်းတွေဆီကို သွားကြတာများတယ်။ လာရောက် လည်ပတ်ချင်အောင်ကလည်း ကော့သောင်းမှာ ဘာမှ မယ်မယ်ရရ စီစဉ်ပေးထားခြင်း မရှိသေးဘူး။ ဘုရင့်နောင်ကုန်း၊ ၅၅၅ တောင်၊ မလိဝမ်းရေတံခွန်တို့လို နေရာမျိုးကို ခရီးစဉ်ထဲမှာ ထည့်ရေးဆွဲထားရမှာ ဖြစ်သလို ဒီနေရာတွေကိုလည်း အဆင့်မြှင့်တင်ပြီး ဒေသခံတွေကို ဈေးရောင်းချနိုင်ဖို့ စီစဉ်ပေးထားသင့်တယ်။ နောက်ပြီး Regional Guide တွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းရအောင် ဆောင်ရွက်ပေးသင့်တယ်။ ခရီးသွားကုမ္ပဏီ တစ်ခုတည်းက အကျိုးရှိမယ့်ပုံစံထက် ကော့သောင်းဒေသခံတွေ အတွက်လည်း အကျိုးရှိမယ့်ပုံစံမျိုး ဖန်တီးပေးသင့်တယ်” ဟု ကော့သောင်းမြို့ခံ ဦးကိုဦးက ဆိုသည်။

“ကော့သောင်းဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကလုပ်ငန်းဖြစ်တဲ့ ခရီးသွားလုပ်ငန်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာဖို့ ရည်မှန်းထားပါတယ်။ ကော့သောင်းဒေသ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အဓိက လုပ်ငန်းဖြစ်သော ခရီးသွားလုပ်ငန်း တိုးတက်လာဖို့ လိုပါတယ်။ လုပ်ငန်းရှင်များမှလည်း ဒေသဖွံ့ဖြိုးဖို့ ၀ိုင်းဝန်းပံ့ပိုးကူညီမှုလုပ်ဖို့ လိုအပ်မှာပါ။ ဒေသထွက်ကုန်နှင့် အစားအစာတွေ၊ သဘာဝမှ ပေးအပ်ထားတဲ့ ပတ်ဝန်းကျင်၊ ပင်လယ်ကျွန်း အလှအပတွေနှင့် ဧည့်သည်များ လာရောက် ရင်းနှီးမြှုပ်နှံချင်စဖွယ်ဖြစ်အောင် လုပ်ထားဖို့လိုပါမယ်။ ကျင်းပမည့် ပွဲတော်ကို မြန်မာနိုင်ငံကသာမက ကမ္ဘာကပါသိအောင် နည်းလမ်းပေါင်းစုံဖြင့် ကြော်ငြာအားကောင်းစွာ အသုံးပြုကြဖို့ တိုက်တွန်းပါရစေ။ ပွဲတော်ကျင်းပနေစဉ် ကာလအတွင်းမှာလည်း တိုင်းဒေသကြီး ပုံရိပ်၊ မြို့ပုံရိပ်ကျ ဆင်းမှုများ မဖြစ်ပေါ်ရေး လုံခြုံရေး၊ ပို့ဆောင်ရေး၊ အမှိုက်ကိစ္စများပါမကျန် တာဝန်ရှိသူများမှ ကော်မတီဖွဲ့စည်းပြီး ကြိုတင်စီမံထားဖို့ လိုပါမယ်။ ဒေသငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုတာ ဆက်စပ်နေတဲ့အတွက် ဒီလိုဒေသ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ကျင်းပတဲ့ပွဲတော်ကို စည်စည်ကားကားဖြစ်ဖို့ ၀ိုင်းဝန်းကြိုးစား အားထုတ်ဖို့ တိုက်တွန်းပြောကြားပါရစေ” ဟု တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။

မြိတ်ကျွန်းစု တောင်ဘက်ပိုင်းဒေသဖြစ်သည့် ကော့သောင်းခရိုင်အတွင်းရှိ ကျွန်းများမှာ သဲသောင်ပြင်လှပမှု၊ ရေကြည်လင်မှု၊ ဆလုံတိုင်းရင်းသားများ၏ နေထိုင်မှုပုံစံများနှင့် ထူးခြားသည့် ကျွန်းဖွဲ့စည်ပုံစံများကြောင့် ကမ္ဘာလှည့် ခရီးသွားများကြားတွင် ထင်ရှားကျော်ကြားနေကြောင်း သိရသည်။ လက်ရှိတွင် ထိုင်းနိုင်ငံမှ ခရီးသွားဧည့်သည် အများဆုံး လာရောက်ပတ်မှုရှိပြီး ခရီးသွားနှင့် ရင်းနှီး မြှုပ်နှံမှုပွဲတော်တွင် ထိုင်းနိုင်ငံမှ ခရီးသွား ကုမ္ပဏီများမှလည်း လာရောက်ပြသမည် ဖြစ်ကြောင်း သိရသည်။

ကော့သောင်းတွင် ခရီးသွားလုပ်ငန်းကုမ္ပဏီ ၁၀ ခုကျော်ရှိပြီး ကမ္ဘာလှည့်ခရီးသွား အများဆုံး လာရောက် လည်ပတ်သည့် ကျွန်းများမှာ အသဲပုံကျွန်း၊ ညောင်ဦးဖီးကျွန်း၊ သူဌေးကျွန်းနှင့် လန်ပိကျွန်းများဖြစ်ကြောင်း သိရသည်။

 

January 19, 2018














Copy Protected by Chetan's WP-Copyprotect.