သင်္ဃန်းကျွန်းမြို့နယ် ဥယျာဉ်လမ်းရှိ ခြံတစ်ခြံအတွင်း ဆောက်လုပ်ထားသည့် လူနေအိမ်အလုံး ၂၀ ကျော် မီးလောင်ကျွမ်းမှုဖြစ်ပွား

သင်္ဃန်းကျွန်းမြို့နယ် ဥယျာဉ်လမ်းရှိ ခြံတစ်ခြံအတွင်း ဆောက်လုပ်ထားသည့် လူနေအိမ်အလုံး ၂၀ ကျော် မီးလောင်ကျွမ်းမှုဖြစ်ပွား
Published 20 January 2018

သင်္ဃန်းကျွန်းမြို့နယ်၊ ဥယျာဉ်လမ်းအတွင်းရှိ ခြံတစ်ခြံအတွင်းဆောက်လုပ်ထားသည့် လူနေအိမ်အလုံး ၂၀ကျော် မီးလောင်ကျွမ်းမှု ဇန်နဝါရီ ၁၉ရက် ၊ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်။

ဇန်နဝါရီ ၁၉ရက်၊ မွန်းလွဲ ၂ နာရီခွဲကျော်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊(ခ)ရပ်ကွက်၊ဥယျာဉ်လမ်းအတွင်း မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြိမ်းသတ် စစ်ဆေးရာ မီးလောင်ကျွမ်းသည့်နေရာမှာ အဆိုပါ လမ်းအတွင်းရှိ ခြံတစ်ခြံအတွင်း ဆောက်လုပ်ထားသည့်လူနေအိမ်တန်းလျားများဖြစ်ကြောင်း သိရသည်။

မီးလောင်ကျွမ်းခဲ့သည့် လူနေအိမ်မှာ အလုံး၂၀ကျော်ခန့်ရှိပြီး အဆိုပါနေအိမ်တွင်နေထိုင်သူများမှာ လူဦးရေ ၅၀ ကျော်ခန့်ရှိကြောင်း အနီးပတ်ဝန်းကျင်နေသူများထံမှ စုံစမ်းသိရှိရသည်။

“ကျွန်တော်အစ်မက မီးလောင်တဲ့ထဲက တစ်အိမ်မှာနေတာ။ အသက် ၇၀ကျော်ပြီ။ ကျွန်တော်လည်း မီးလောင်တယ်ကြားကြားချင်းပြေးလာတာ။လမ်းမဘက်မဟုတ်ပဲ ဟိုအနောက်ဆုံးထောင့်က စလောင်တယ်လို့ သိရတယ်။ ကျွန်တော့အစ်မအိမ်မှာတော့ မီးလောင်သွားတဲ့ ပစ္စည်းအချို့ပဲကျန်တော့တယ်။မီးလောင်တဲ့ပါပြီး ဘာမှမကျန်တဲ့အိမ်တွေရှိတယ်လို့လည်း သိရတယ်”ဟု မီးလောင်ကျွမ်းသည့် နေရာအနီးနေသူတစ်ဦးက ပြောကြားသည်။

မီးလောင်ခဲ့သည့် နေအိမ်တိုက်ခန်းများမှာ တစ်တိုက်လျှင် နှစ်ထပ်ဖြစ်ပြီး အခန်းများမှာ ဘေးချင်းကပ်ဆောက်လုပ်ထားကြောင်း သိရသည်။
“အဲဒီမှာ တန်းလျားလို ပုံစံမျိုးပဲ။ခြံပိုင်ရှင်က သူ့ခြံထဲမှာ ဆောက်ထားတာ။ပိုင်ရှင်က မီးလောင်တဲ့အခန်းတွေရဲ့ရှေ့က တိုက်မှာနေတာပါ။အခန်းတွေက အုတ်တွေနဲ့ဆောက်ထားတာ။အခန်းတွေက ဆယ်ငါးပေလောက်လေးတွေပဲ ရှိမယ်။ပြီးတော့ နေတဲ့သူတွေ ကလည်း တစ်ခန်းကို လူအနည်းဆုံး ပျှမ်းမျှသုံးယောက်လောက်နေတယ်။မီးလောင်တော့ အကုန်ကုန်တာပေါ့။တစ်ခန်းပဲ အောက်ထပ်ခန်း မလောင်တာ။ခြံထဲမှာက စုစုပေါင်းအဲလိုအခန်းတွေ ၃၀ကျော် လောက်ရှိမယ်။ စဖြစ်တဲ့အချိန်မှာ စဖြစ်တဲ့အခန်းမှာ နေတဲ့သူတွေ အပြင်သွားတယ်လို့လည်း သိရတယ်”ဟု မီးလောင်ကျွမ်းသည့် နေရာအနီးနေသူအမျိုးသားတစ်ဦးကပြောကြားသည်။

မီးလောင်ကျွမ်းမှုမှာ နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး မီးလောင်ကျွမ်းမှုအား မီးသတ်တပ်ဖွဲ့မှ Level-3 သတ်မှတ်ခဲ့ပြီး မီးလောင်ကျွမ်းရသည့်အကြောင်းအရင်းအား ဆက်လက်စစ်ဆေးနေကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်အား သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ အမှုဖွင့်ရန် ဆက်လက်စစ်ဆေးနေကြောင်းသိရသည်။

Most Recent