သံမဏိနှင်းဆီ ဂျာနယ်ထုတ်ဝေသူ ကိုဝေယံဟိန်း အသတ်ခံရမှုတွင် ဟိုတယ်ဝန်ထမ်းတစ်ဦးကို တရားလိုပြသက်သေအဖြစ် စစ်ဆေး

သံမဏိနှင်းဆီ ဂျာနယ်ထုတ်ဝေသူ ကိုဝေယံဟိန်း အသတ်ခံရမှုတွင် ဟိုတယ်ဝန်ထမ်းတစ်ဦးကို တရားလိုပြသက်သေအဖြစ် စစ်ဆေး
Published 10 August 2017

သံမဏိနှင်းဆီဂျာနယ် အယ်ဒီတာ/ ထုတ်ဝေသူတစ်ဦးဖြစ်သည့် ကိုဝေယံဟိန်း အသတ်ခံရမှုမှ ကျူးလွန်သူအမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို သြဂုတ် ၁၀ ရက်က အရှေ့ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ယင်းရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် ဟိုတယ်ဝန်ထမ်းတစ်ဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။

တရားလိုပြသက်သေဖြစ်သူ လမ်းမတော်မြို့နယ်၊ Bliss Hotel မှ ဧည့်ကြိုဝန်ထမ်း မသင်းမြတ်အား  ဥပဒေအရာရှိနှင့် ကျူးလွန်သူများ၏ ရှေ့နေနှစ်ဦးက မေးမြန်းခြင်းဖြစ်ပြီး ၎င်းတို့ဟိုတယ်တွင် တည်းခိုခဲ့သော အကြောင်းအရာများကို ထွက်ဆိုသွား ခဲ့ကြောင်း သိရသည်။

ကိုဝေယံဟိန်း၊ မအယ်နီကိုနှင့် ကလေးငယ်တစ်ဦးတို့သည် ၎င်းတို့ဟိုတယ်သို့ ဧပြီ ၁၂ ရက်က ရောက်ရှိလာပြီး ၁၄ ရက်နေ့အထိ တည်းခိုရန် စာရင်းသွင်းထားကြောင်း၊ ဟိုတယ်အခန်းနံပါတ် ၁၀၁ တွင် တည်းခိုကြောင်း၊ ကိုဝေယံဟိန်း၏ မှတ်ပုံတင်နှင့် တည်းခိုခဲ့ခြင်းဖြစ်ကြောင်း၊ ကိုဝေယံဟိန်းနှင့် မအယ်နီကိုက အပြင်ထွက်လျှင် ကလေးကိုကြည့်ပေးရန် အကူအညီတောင်းကြောင်း၊ အပြင်မှပြန်အလာ မအယ်နီကိုထံ ဖုန်းကောတစ်ခုဝင်လာသဖြင့် နေပြည်တော်မှ ဆရာထံရောက်နေကြောင်း ပြောခိုင်းသဖြင့် မအယ်နီကို၏ ဖုန်းဖြင့်ပြောပေးလိုက်ကြောင်း၊ ၁၃ ရက်နေ့ညက ကိုဝေယံဟိန်းပြန်သွားပြီး ၁၄ ရက်ည ၇ နာရီလောက်တွင် မအယ်နီကိုအား အမျိုးသားတစ်ဦးက လာခေါ်ကြောင်း၊ ရုံးရှေ့တွင်မြင်ရသည့် အမျိုးသမီးမှာ မအယ်နီကိုဖြစ်ကြောင်း၊ ဧပြီ ၂၁ ရက်က ဟိုတယ်သို့ ရဲများရောက်လာကြောင်း၊ ရဲကပြသည့်ဓာတ်ပုံတွင် ဟိုတယ်သို့ မအယ်နီကိုအား လာခေါ်သူမှာ ရုံးရှေ့တွင်တွေ့ရသည့် ကိုအောင်ကိုကိုဖြစ်ကြောင်း၊ ပုဇွန်တောင်မြို့နယ်တရားရုံးတွင် ၎င်းအနေဖြင့် ကြိုတင်ထွက်ဆိုချက်ပေးခဲ့ကြောင်းတို့ကို ဥပဒေအရာရှိက မေးမြန်း၍ ဟိုတယ်ဧည့်ကြိုဝန်ထမ်း မသင်းမြတ်က ထွက်ဆိုခဲ့သည်။

ကိုဝေယံဟိန်း အသတ်ခံရမှုတွင် ဖမ်းဆီးခံထားရသူသုံးဦးအနက် အောင်ကိုကိုနှင့်  ပြည့်သူနိုင် (ခ) ဘုရားပွဲတို့နှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၄ တို့ဖြင့်လည်းကောင်း၊ အောင်ကိုကို၏ဇနီး မအယ်နီကို ရာဇသတ်ကြီးပုဒ်မ ၂၀၁၊ ၂၀၂ ဖြင့်လည်းကောင်း အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent