<

ကားချင်းတိုက်မိရာမှ မင်းဘူးမြို့ ဆားပွက်ချောင်းအနီး ကျူတောအတွင်း ပုန်းခိုနေသည့် ဘင်္ဂါလီ ၁၁ ဦးနှင့် ယာဉ်မောင်းတစ်ဦးအား ဖမ်းဆီးရမိ

ဆားပွက်ချောင်းအနီး ကျူတောအတွင်း ပုန်းခိုနေသည့် ဘင်္ဂါလီ ၁၁ ဦးအား ရှာဖွေတွေ့ရှိပြီးနောက် အစားအစာများ ဝေငှနေစဉ်

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ ဆားပွက်ချောင်းတံတား၏ ၀ဲဘက်အနီး ဇန်န၀ါရီ ၁၈ ရက် နံနက် ၄ နာရီခန့်က ကားချင်းတိုက်မိရာမှ တံတား၏ အထက်ဘက်အနီး ဆားပွက်ချောင်းဝဲဘက် ကိုင်းခုံပေါ်ရှိ ကျူတောအတွင်း ပုန်းခိုနေသည့် ဘင်္ဂါလီ ၁၁ ဦးနှင့် ၎င်းတို့အား တင်ဆောင်လာသည့် ယာဉ်မောင်းတစ်ဦးတို့ကို ယင်းနေ့ နံနက် ၈ နာရီ က ဖမ်းဆီးရမိခဲ့ကြောင်း ၀ိုင်းဝန်းဖမ်းဆီးခဲ့သည့် ဒေသခံများနှင့် မင်းဘူးမြို့ မြို့မရဲစခန်း တာဝန်ရှိသူများထံမှ သတင်းရရှိသည်။

မင်းဘူးမြို့ အမှတ် (၁)ရပ်၊ တမာတန်းရပ်ကွက် ဆားပွက်ချောင်းတံတား၏ ၀ဲဘက်အနီးတွင် မကွေးမြို့မှ မင်းဘူးမြို့ဘက်သို့ မောင်းနှင်လာသည့် မကွေး မင်းဘူးမင်းတုန်း လိုင်းကားနှင့် မင်းဘူးမြို့မှ မကွေးမြို့ဘက်သို့ မောင်းနှင်လာသည့် Honda Partner  ကားခဲရောင်ကားတို့ တိုက်မိခဲ့ကြောင်း၊ ထိုသို့ တိုက်မိရာမှ Honda Partner  ကားသည် တံတားချဉ်းကပ်လမ်းအကာတိုင်ကို ပွတ်မိကာ လမ်းဘေးသို့ ထိုးကျခဲ့ကြောင်း၊ ကားတိုက်မှုဖြစ်ပြီးစတွင် ကားပေါ်ရှိ လူငါးဦး ဆားပွက်ချောင်းဘက်သို့  ထွက်ပြေးသွားသည်ကို အခင်းဖြစ်နေရာအနီးရှိ ရာအိမ်မှူး နှင့် ဒေသခံများတွေ့ရှိခဲ့ကြောင်း၊ ထို့ကြောင့် ဒေသခံ လေးဦးက ကွင်းဆင်းရှာဖွေခဲ့ရာ ကျူတောအတွင်းမှ မြန်မာစကားပြောတတ်သူ တစ်ဦးနှင့် မြန်မာစကားမပြောတတ်သူ ၁၁ ဦးကိုတွေ့ရှိခဲ့ရကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့်  မြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ရာ တာဝန်ရှိရဲတပ်သားများက လာရောက်ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။

“မနက်စောစော ၈ နာရီလောက်က ကောင်လေးတစ်ယောက် လမ်းအရှေ့ဘက်က အိမ်ကိုကူးသွားတယ်လို့ ကျွန်တော့်ကို ဖုန်းဆက်ပါတယ်။ ဒါကြောင့် အဲဒီအိမ်ကိုသွားတော့ အနောက်ဘက်တောထဲကို ဆင်းသွားပါတယ်လို့ သတင်းပို့တဲ့သူက ပြောပါတယ်။ ဒါကြောင့် သတင်းပို့သူနဲ့ ရပ်ကွက်ထဲက အမျိုးသမီးတွေရော၊ လူတွေခေါ်ပြီး ၀ိုင်းထားပါတယ်။ ပြီးတော့ နယ်ထိန်းအဖွဲ့ကို ခေါ်ပါတယ်။ နယ်ထိန်းအဖွဲ့ရောက်တာနဲ့ ၈ နာရီလောက်မှာ တစ်ယောက်ချင်း ထုတ်ဖမ်းပြီး ရဲစခန်းကို ခေါ်လာပါတယ်” ဟု အမှတ် (၁)ရပ်ကွက်၊ တမာတန်းမှ ရာအိမ်မှူး ဦးပျိုချစ်က ပြောကြားသည်။

ကျူတောအတွင်း ပုန်းအောင်းနေသူများကို ၀ိုင်းဝန်းဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ တစ်ဦးက “ကျွန်တော်တို့ ပထမသွားဝိုင်းတော့ လူလေးဦးနဲ့သွားကြတာပါ။ သူတို့ကို တွေ့လိုက်တုန်းက ငါးယောက်တည်းလို့ ထင်ထားပေးမယ့် တကယ်တွေ့တော့ ၁၂ ယောက် လောက် ဖြစ်နေပါတယ်။ ဒါကြောင့်သူတို့ အနားကိုလည်း မကပ်ရဲဘဲ အဝေးကနေ စကားပြောရပါတယ်။ သူတို့က မြန်မာစကားလည်း နားမလည်ကြတော့ လက်ဟန်ခြေဟန်နဲ့ပြပြီး ထွက်ခဲ့ဖို့ ပြောရပါတယ်။  ခဏကြာတော့ ရပ်ကွက်ထဲက လူတွေများလာပြီး ရဲတွေလည်း ရောက်လာပါတယ်” ဟု ပြောကြားသည်။

ဖမ်းဆီးရမိသူများအနက် ယာဉ်မောင်းသူသည် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် (၅) ရပ်ကွက်၊ ခရေ (၃)လမ်း၊ တိုက် (၁၇)၊ အခန်း(၁၀၃) နေသက်နိုင် ခေါ်မာရဆာနာ မွတ်(၃၁ နှစ်)ဖြစ်ကြောင်း ၎င်းနှင့်အတူ ဖမ်းဆီးရမိသည့် ဘင်္ဂါလီ ၁၁ ဦးသည် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ၀ကင်းကျေးရွာ၊ တောင်ထောင်ကျေးရွာ၊ ဟေယာကျေးရွာတို့မှဖြစ်ပြီး အသက်  ၁၈ နှစ်အောက် ခုနစ်ဦး၊ အသက် ၂၂ နှစ်အရွယ် နှစ်ဦး၊ အသက် ၃၂ နှစ်အရွယ် တစ်ဦးနှင့် အသက် ၄၈ နှစ်အရွယ်တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ မင်းဘူး မြို့ မြို့မရဲစခန်းတွင် ကားတိုက်မှုကို ယာဉ် (ပ) ၂/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/ ၃၃၇ ဖြင့် အမှုဖွင့်ထားကြောင်း၊ ဖမ်းဆီးရမိသည့် ဘင်္ဂါလီများနှင့် ယာဉ်မောင်းတို့ကို မင်းဘူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များ ဇန်န၀ါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီကျော်အထိ ပူးပေါင်းစစ်ဆေးလျက်ရှိပြီး သက်ဆိုင်ရာဥပဒေများဖြင့် အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

January 18, 2018














Copy Protected by Chetan's WP-Copyprotect.