ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သားများ ဧပြီ ၁ ရက်မှစတင်ကာ အနိမ့်ဆုံးလုပ်အားခ ၅ ဘတ်မှ ၂၂ ဘတ်အထိ တိုးမြှင့်ခံစားရမည်ဟု သိရ

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သားများ ဧပြီ ၁ ရက်မှစတင်ကာ အနိမ့်ဆုံးလုပ်အားခ ၅ ဘတ်မှ ၂၂ ဘတ်အထိ တိုးမြှင့်ခံစားရမည်ဟု သိရ
Published 19 January 2018

၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လာသူ ရွှေ့ပြောင်းလုပ်သားများအား တွေ့ရစဉ်

ထိုင်းနိုင်ငံအတွင်း လုပ်ကိုင်နေကြသည့် မြန်မာအပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများ၏ အနိမ့်ဆုံးလုပ်အားခကို ၅ ဘတ်မှ ၂၂ အထိ ဘတ်တိုးရန်ဆုံးဖြတ်ချက်ချပြီး ဧပြီ ၁ ရက်မှ စတင်ခံစားရမည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၁၇ ရက်က ပြုလုပ်သော အနိမ့်ဆုံးလုပ်အားခကော်မတီ အစည်းအဝေးသည် ညနေ ၄ နာရီမှ ည ၁၀ နာရီခွဲကျော်အထိ ကြာမြင့်ခဲ့ပြီး ည ၁၀ နာရီ ၄၅ မိနစ်တွင် အဆိုပါ နှုန်းထားများ သတ်မှတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အနိမ့်ဆုံး လုပ်အားခလစာ သတ်မှတ်ရေးအဖွဲ့မှ အကြိတ်အနယ်ဆွေးနွေးပြီးနောက် အနိမ့်ဆုံးလုပ်အားခကို ၅ဘတ်မှ ၂၂ ဘတ်အထိ ခရိုင်အလိုက် တိုးမြှင့်ပေးနိုင်ရန် နှုန်းထားသတ်မှတ်ခဲ့ပြီး ယခုသတ်မှတ်ချက်ကို ထိုင်းအလုပ်သမားဝန်ကြီးမှ တစ်ဆင့် အပတ်စဉ် အင်္ဂါနေ့တိုင်း ပြုလုပ်သော ထိုင်းအစိုးရ ကက်ဘိနက်အစည်းအဝေးသို့ အတည်ပြုနိုင်ရန် ဆက်လက်တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယခု သတ်မှတ်ချက်အရ ဖူးကတ်၊ ချွန်ဘူရီ၊ လယောင်းခရိုင်တို့တွင် တစ်နေ့ ၃၃၀ ဘတ် အမြင့်ဆုံးရရှိကြမည့် အနိမ့်ဆုံးလုပ်အားခ ၅ ဘတ်မှ ၂၂ ဘတ်ထိတိုးရန်ဆုံးဖြတ်ချက် ချနိုင်ခဲ့ပြီး ယင်းကို ဧပြီ ၁ ရက်တွင် စတင်ခံစားရမည်ဖြစ်ကြောင်း သိရသည်။

ဘန်ကောက်၊ နွန်ထဘူရီ၊ နခေါ်ပထုမ်၊ ပထုမ်ထာနီ၊ စမွတ်ပရာကန်၊ စမွတ်စာခွန်နှင့် ချချင်းဆောင်ခရိုင်တို့တွက် ၃၂၅ ဘတ် ဖြင့် ဒုတိယလိုက်ပြီး အခြားခရိုင်များတွင် ၃၂၀၊ ၃၁၈၊ ၃၁၅၊ ၃၁၀၊ ၃၀၈ စသဖြင့် အသီးသီး ရရှိကြမည် ဖြစ်သည်။

“ထိုင်းနိုင်ငံအတွင်းမှာ အနိမ့်ဆုံး လုပ်အားခတိုးမြှင့်သလို အချိန်ပိုကြေးပါတက်ရမှာ ဖြစ်ပါတယ်။ အိုတီကြေးမှာ (လုပ်အားခ ÷ ၈ _ ၁ ဒသမ ၅ = အိုတီကြေး) ဖြစ်ပါတယ်။ ဥပမာ စမွတ်စာခွန်လုပ်အားခဖြစ်တဲ့ ၃၂၅÷ ၈_ ၁ ဒသမ ၅= ၆၀ ဒသမ ၉ ဘတ်သည် အိုတီကြေး တစ်နာရီစာ ဖြစ်ပါတယ်။ ဘန်ကောက်၊ နွန်ထဘူရီ၊ နခေါ်ပထုမ်၊ ပထုမ်ထာနီ၊ စမွတ်ပရာကန်၊ စမွတ်စာခွန်နှင့် ချချင်းဆောင်ခရိုင်တို့မှာ ၃၂၅ ဘတ်နဲ့ ဒုတိယလိုက်ပြီး တခြားခရိုင်များတွင် ၃၂၀၊ ၃၁၈၊ ၃၁၅၊ ၃၁၀၊ ၃၀၈ စသဖြင့် အသီးသီးရရှိကြမှာ ဖြစ်ပါတယ်” ဟု မဲဆောက်မြို့တွင်နေထိုင်ပြီး မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူ မြန်မာနိုင်ငံသားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ဆိုသည်။

ထိုင်းနိုင်ငံအတွင်း လုပ်အားခနှုန်းတိုး မြှင့်သတ်မှတ်လိုက်သော်လည်း အစဉ်အမြဲ လုပ်အားခခေါင်းပုံဖြတ်ခံနေရသော တာ့ခရိုင်အတွင်း သတ်မှတ်ထားသည့် လုပ်အားခငွေ ရရှိမှု ရှိမရှိကိုတော့ စောင့်ကြည့်ရဦးမည်ဟု ဦးမိုးကြိုးက ဆိုသည်။

မြန်မာ-ထိုင်း နယ်စပ်စပ် မြဝတီမြို့ တစ်ဖက်ကမ်း တာ့ခရိုင် မဲဆောက်အပါအဝင် ကိုးမြို့နယ်အတွင်းရှိ စက်ရုံ အလုပ်ရုံများတွင် တစ်နေ့လျှင် ဘတ် ၁၈၀ မှ ၂၆၀ ကြားသာ ရရှိကြပြီး ထိုင်းအလုပ်သမားဌာနမှ သတ်မှတ်ထားသည့် တစ်နေ့ လုပ်အားခ ရရှိသည့် စက်ရုံ အလုပ်ရုံ ငါးရုံခန့်သာရှိကြောင်း သိရသည်။

Most Read

Most Recent