တိုင်းရင်းသား လူမျိုးတစ်မျိုးချင်းစီ၏ ကိုးကားနိုင်သည့် ဒီအင်န်အေမျိုးရိုးဗီဇ ဖွဲ့စည်းမှု မှတ်တမ်းထားရှိရန်အဆို ပြည်သူ့လွှတ်တော်၌ တင်သွင်း

တိုင်းရင်းသား လူမျိုးတစ်မျိုးချင်းစီ၏ ကိုးကားနိုင်သည့် ဒီအင်န်အေမျိုးရိုးဗီဇ ဖွဲ့စည်းမှု မှတ်တမ်းထားရှိရန်အဆို ပြည်သူ့လွှတ်တော်၌ တင်သွင်း
Published 10 August 2017

တိုင်းရင်းသား လူမျိုးတစ်မျိုးချင်းစီ၏ စံပြုကိုးကားနိုင်သည့် ဒီအင်န်အေမျိုးရိုးဗီဇဖွဲ့စည်းမှု မှတ်တမ်းဆောင်ရွက်ထားရှိရန် အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်၌ သြဂုတ် ၁၀ ရက်က တင်သွင်းခဲ့သည်။ ၎င်းအဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ မိတ္ထီလာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက တင်သွင်းခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသားလူမျိုးများတွင် စံပြုကိုးကားနိုင်သည့် ဒီအင်န်အေမျိုးရိုးဗီဇဖွဲ့စည်းမှု မှတ်တမ်းထားရှိခြင်းဖြင့် တိုင်းရင်းသားအချင်းချင်း၏ မျိုးရိုးဆင်းသက်မှတ်မှုကို စိစစ်နိုင်ကြောင်း၊ နိုင်ငံသားစိစစ်မှုလုပ်ငန်းများတွင်လည်း ကိုးကားနိုင်ကြောင်း၊ အိမ်နီးနားချင်းနိုင်ငံများတွင်လည်း ယင်းကဲ့သို့မှတ်တမ်းများထားရှိပြီး ဖြစ်သည့်အတွက် သွေးနှောမှုရှိ၊ မရှိ  စိစစ်နိုင်ကြောင်း ဒေါက်တာမောင်သင်းက ပြောကြားသည်။

“ဒီလုပ်ငန်းကို ဆောင်ရွက်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ တိုင်းရင်းသားတစ်မျိုးစီရဲ့ ထူးခြားတဲ့ ဝိသေသလက္ခဏာပေါင်းများစွာကို တိတိကျကျ ဖော်ညွှန်းနိုင်မည်ဖြစ်ပါသောကြောင့် ကျွန်တော်တို့နိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားတစ်မျိုးချင်းစီ၏ စံပြုကိုးကားနိုင်တဲ့ ဒီအင်န်အေမျိုးရိုးဗီဇ မှတ်တမ်းကို ယနေ့ခေတ်အမီဆုံးနည်းပညာဖြင့် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်းအပ်ပါတယ်” ဟု ဒေါက်တာမောင်သင်းက တင်သွင်းသည်။

ထိုသို့ ဒီအင်န်အေမျိုးရိုးဗီဇဖွဲ့စည်းမှု မှတ်တမ်းဆောင်ရွက်ထားရှိခြင်းဖြင့် မြန်မာတိုင်းရင်းသား ဟုတ်၊ မဟုတ်စိစစ်နိုင်ခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာန၏ နိုင်ငံသားစိစစ်ရေးလုပ်ငန်းကို အထောက်အကူပြုနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း အဆိုရှင်က တင်ပြခဲ့သည်။

Most Read

Most Recent