မန္တလေးမြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် ဘဏ္ဍာရေးပွင့်လင်းမြင်သာမှုဆိုင်ရာ ဆွေးနွေးပွဲကို အရပ်ဘက်လူ့အဖွဲ့အစည်းများ စုပေါင်း၍ ကျင်းပ

မန္တလေးမြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် ဘဏ္ဍာရေးပွင့်လင်းမြင်သာမှုဆိုင်ရာ ဆွေးနွေးပွဲကို အရပ်ဘက်လူ့အဖွဲ့အစည်းများ စုပေါင်း၍ ကျင်းပ
Published 19 January 2018

မန္တလေးမြို့တွင် ဘဏ္ဍာရေးပွင့်လင်းမြင်သာမှုဆိုင်ရာ ဆွေးနွေးပွဲကို အရပ်ဖက်လူ့အဖွဲ့အစည်းများ စုပေါင်း၍ ကျင်းပနေစဉ်

မန္တလေးမြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် ဘဏ္ဍာရေးပွင့်လင်းမြင်သာမှုဆိုင်ရာ ဆွေးနွေးပွဲကို အရပ်ဘက်လူ့အဖွဲ့အစည်း အသီးသီးက စုပေါင်း၍ ဇန်နဝါရီ ၁၈ ရက်တွင် ၇၈ လမ်း၊ ၃၇ လမ်းနှင့် ၃၈ လမ်းကြားရှိ Hotel Mandalay  တွင် ကျင်းပပြုလုပ်ပြီး ၁၉ ရက်အထိ နှစ်ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းပြည်၏ ဖွံ့ဖြိုးရေးကဏ္ဍအတွက် ဆောင်ရွက်နေကြသော အရပ်ဘက်အဖွဲ့အစည်းများအတွက် လိုအပ်သည့် သတင်းအချက်အလက်များ၊ နည်းပညာများအပြင် ဘဏ္ဍာရေးဆိုင်ရာ သတင်းအချက်အလက် ရရှိစေရန်၊ ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု ရှိလာစေရန်နှင့် ထိရောက်သော ဖွံ့ဖြိုး မှုများ ရရှိလာစေရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“ပထမနေ့မှာ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုဆိုတာ ဘာလဲဆိုတဲ့ ကဏ္ဍတစ်ခုကို အရပ်ဘက် အဖွဲ့အစည်းတွေကြားမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ပြီးရင် ဘဏ္ဍာရေးပွင့်လင်းမြင်သာမှု၊ လက်ရှိဘဏ္ဍာရေး၊ ဘဏ္ဍာအသုံးစရိတ်၊ ရသုံးမှန်းခြေရဲ့ သတင်းအချက်တွေ ဘာတွေရှိမလဲ၊ ဘယ်လိုတွေ လုပ်ဆောင်နေကြလဲဆိုတာတွေကို ဆွေးနွေးကြမယ်။ ဆွေးနွေးတဲ့ရလဒ်တွေကို အခြေခံပြီးတိုင်းနှင့် ပြည်နယ်အသီးသီးမှာ ဘဏ္ဍာရေးဆိုင်ရာ သတင်းအချက်အလက် ရရှိဖို့ရယ်၊ ထိရောက်တဲ့ ဖွံ့ဖြိုးမှုတွေဖြစ်ဖို့ စီမံကိန်းတွေကို ဘယ်လိုလုပ်ကြမလဲဆိုတာ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်” ဟု ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ ဒါရိုက်တာ ဦးညီညီအောင်က ပြောကြားသည်။

ထိုဆွေးနွေးနှီးနှောဖလှယ်ပွဲ၏ ဒုတိယနေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းတို့မှ စကားဝိုင်း ဆွေးနွေးပွဲများ၊ ဘဏ္ဍာရေးနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ၊ ပြည်တွင်းပြည်ကြွေးမြီ လက်ရှိအခြေအနေ၊ ပြည်ထောင်စုဘတ်ဂျက်၏ စုစုပေါင်း အသုံးစရိတ်အပေါ်တွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာန များသို့ ခွဲဝေပေးထားသည့် အသုံးစရိတ် ရာခိုင်နှုန်းများ၊ ပြည်ထောင်စု၏ အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနအလိုက် ရငွေလျာထားချက်များ၊ သုံးငွေလျာထားချက်များစသည့် ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုအတွက် လိုအပ်သည်များ ဆွေးနွေးသွားမည်ဖြစ်ကာ ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲများအပြီးတွင် နိုင်ငံ၏ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုသည် ၃၅ ရာခိုင်နှုန်းအထိ ရှိလာနိုင်သည်ဟု မျှော်လင့်လျက်ရှိကြောင်း အဆိုပါဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ ဒါရိုက်တာ ဦးညီညီအောင်က ဆက်လက်ပြောကြားသည်။

ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲများကို ဖွံ့ဖြိုးရေးမဏ္ဍိုင်နှင့် The Asia Foundation တို့မှ ပူးပေါင်းဆောင်ရွက်ကျင်းပနေခြင်းဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးအပါအဝင်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ကျင်းပခဲ့ပြီးဖြစ်ကာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ထောင်စုအဆင့် ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲကို နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent