<

H1 N1 ဖြစ်စဉ်ကြောင့် ပြည်သူများ၏ကျန်းမာရေး အသိစိတ်ဓာတ်များ ဖြစ်ပေါ်လာပြီး အကောင်းဆုံးဖြစ်ရန် ဆက်လက်ဆောင်ရွက်မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

H1 N1 ဖြစ်စဉ်ကြောင့် ပြည်သူများ၏ ကျန်းမာရေးအသိစိတ်ဓာတ်များ ဖြစ်ပေါ်လာပြီး အကောင်းဆုံးဖြစ်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

သြဂုတ် ၁၀ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးတွင် သတင်းထောက်များက ပြည်ထောင်စုဝန်ကြီးအား H1 N1 ရောဂါနှင့်ပတ်သက်ပြီး မေးမြန်းစဉ် ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အနီးအနားနိုင်ငံမှာ ဒီထက်မက သေတယ်။ ကျွန်တော်တို့နိုင်ငံမှာ လူတစ်ယောက်ရဲ့အသက်က အရေးကြီးတယ်လေ။ ဘေးနားက နိုင်ငံတွေနဲ့စာရင် သေတာနည်းတယ်။ နောက်တစ်ချက် ကံကောင်းတာက ကျွန်တော်တို့ ဂျပန်နိုင်ငံကိုပို့ပြီး စစ်ဆေးကြည့်တဲ့အခါမှာ ဒီရောဂါပိုးမွှားဟာ ဖြစ်ရိုးဖြစ်စဉ်ရောဂါ ပိုးမွှားဖြစ်ပါတယ်။ ဂျပန်ကပြောတာက ဒီလောက်အထိ စိုးရိမ်စရာမလိုပါဘူးတဲ့။ ဒီရောဂါပိုးမွှားက နောက်ရောဂါပိုးမွှားနဲ့လည်း မပေါင်းဘူး။ ဖြစ်ရိုးဖြစ်စဉ် ရောဂါပိုးဖြစ်တာကြောင့် ဘာမှစိုးရိမ်စရာမလိုဘူး။ သို့သော်လည်း ကိုယ်က ကိုယ့်လူမျိုးဆိုတော့ ကိုယ်ကစိုးရိမ်တာပေါ့။ မတော်လို့များဖြစ်ခဲ့သည် ဆိုတာနဲ့ ကျွန်တော်တို့က လုပ်နေရတာ။ ကျွန်တော့်အနေနဲ့က လျှော့လို့မရဘူး။ လျှော့ရင်ပိုဖြစ်မှာဆိုပြီး ပိုကိုင်ရခက်တယ်လေ။ စပြီးတော့ အဖူးလေးမှာဆိုရင် အဖူးကို ညှပ်ပစ်လိုက်ရမယ်။ အဲဒီလိုမျိုးပုံစံနဲ့ ကျွန်တော်အားခဲပြီး လုပ်နေတာ။ အဲဒါရှိပါတယ်။ ရာသီတုပ်ကွေး H1 N1 က ဖြစ်ရိုးဖြစ်စဉ်တုပ်ကွေး၊ တစ်ကမ္ဘာလုံးမှာ ရာသီတုပ်ကွေး တစ်နှစ်လုံးဖြစ်နေတာ။ အဲဒီဖြစ်ရိုးဖြစ်စဉ်ပိုးပဲ ဖြစ်ပါတယ်။ သိပ်ပြီးထူးဆန်းတဲ့ ပိုးမဟုတ်ဘူးလို့ ဂျပန်ကပြောတယ်။ ဒါပေမဲ့ သူတို့ပြောတာ ပြောတာလေ။ ဖြစ်တာက ကိုယ့်နိုင်ငံမှာဖြစ်တဲ့အတွက် ကျွန်တော်က အဖြစ်မခံဘူးပေါ့။ အဲဒါကြောင့် ကျွန်တော်အားထည့်ပြီး လုပ်နေတာ။ ပြည်သူများက ကိုယ့်အသိစိတ်ဓာတ်ရှိရမယ်။ ဒီဟာကြီးကို နှိမ်နင်းဖို့က ကျန်းမာရေးဝန်ထမ်းလုပ်တာထက် ပြည်သူများက ပါဝင်တာအကောင်းဆုံးပဲ။ အကုန်လုံး ဘတ်စ်ကားတွေမှာ စတေကာတွေအကုန်ကပ်ပြီ၊ ချောင်းဆိုးရင် ဘယ်လိုဆိုးရမယ်၊ ဖျားနေရင် အိမ်မှာနေ အကုန်လုံးပါတယ်။ မနေ့ကတည်းက စကပ်ပြီ၊ အများကြီးပဲ။ အဓိက,က ဘတ်စ်ကားပဲ။ အဲဒီပိုးက နှစ်မီတာလောက်သွားတယ်။ နှစ်မီတာကျော်ရင် ဒီကောင်ကမသွားဘူး။ ဒီကောင်က ငါးမိနစ်၊ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ခံတာကို အဓိက,က အဲဒါပဲ။ ဒီရောဂါနှိမ်နင်းဖို့က ပြင်းထန်ကြီးမားပြီး နောက်ဆုံးပေါ်စက်ကိရိယာတွေ မလိုဘူး။ ပြည်သူများ ကျန်းမာရေး အသိပညာတတ်လေကောင်းလေပဲ။ ကျွန်တော်တို့ ဒီဖြစ်စဉ်မှာ ဘာအကျိုးအမြတ်ထွက်သွားလဲဆိုတော့ ပြည်သူများ ကျန်းမာရေး အသိစိတ်ဓာတ်တွေ အများကြီးဖြစ်လာတယ်။ ပြည်သူတွေ ကျန်းမာရေးအသိပညာအကောင်းဆုံး ဖြစ်အောင်လုပ်မယ်။ ဒါကျွန်တော်တို့ တာဝန်ပဲ။ ရှေ့ဆက်ပြီးတော့ အားဖြည့်ပြီးတော့လုပ်မယ်။ မပူနဲ့” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သတင်းထောက်များအား ပြောကြားသည်။

တစ်နိုင်ငံလုံးတွင် H1 N1 ရောဂါပိုးကြောင့် သေဆုံးသူ ၁၉ ဦးအထိရှိလာပြီး ရောဂါပိုးတွေ့ရှိသူ ၁၈၃ ဦး ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ်  ၉ ရက်တွင် ထုတ်ပြန်သည်။

August 10, 2017














Copy Protected by Chetan's WP-Copyprotect.