၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်သည် ဝန်ထမ်းအိမ်ရာနှစ်ဟု သတ်မှတ်ထားပြီး ဦးစားပေးအလိုက် တစ်နိုင်ငံလုံးတွင် ဝန်ထမ်းအိမ်ရာများ တည်ဆောက်မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီး ပြောကြား

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်သည် ဝန်ထမ်းအိမ်ရာနှစ်ဟု သတ်မှတ်ထားပြီး ဦးစားပေးအလိုက် တစ်နိုင်ငံလုံးတွင် ဝန်ထမ်းအိမ်ရာများ တည်ဆောက်မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီး ပြောကြား
Published 19 January 2018

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တည်ဆောက်ပြီးစီးခဲ့သည့် ဝန်ထမ်းအိမ်ရာအချို့အား တွေ့ရစဉ် (Photo: MOH)

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်သည် ဝန်ထမ်းအိမ်ရာနှစ်ဟု သတ်မှတ်ထားပြီး ဦးစားပေးအလိုက် တစ်နိုင်ငံလုံးတွင် ဝန်ထမ်းအိမ်ရာများ တည်ဆောက်မည်ဟု ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ဇန်နဝါရီ ၁၈ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၄)မှ ဦးလင်းတင်ဌေးက မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံး၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများတွင် လိုအပ်လျက် ရှိသော ဝန်ထမ်းအိမ်ရာများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းသည်။

အဆိုပါမေးမြန်းမှုအပေါ်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ထမ်းအိမ်ရာများအား တည်ဆောက်မည် ဖြစ်ကြောင်း၊ ဆေးရုံဆေးခန်းတည်ဆောက်ခြင်းကို တတ်နိုင်သမျှ တည်ဆောက်မည် မဟုတ်ကြောင်း ပြောကြားသည်။

ဒေါက်တာမြင့်ထွေးက “၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်သည် ဝန်ထမ်းအိမ်ရာနှစ်လို့ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ရတဲ့ပိုက်ဆံတွေ အကုန်လုံးကို ဆေးရုံအသစ်ဆောက်ခြင်း၊ ဆေးခန်းအသစ်ဆောက်ခြင်းကို တတ်နိုင်သမျှ မလုပ်ပါဘူး။ မလွဲမဖြစ်တာတွေကိုပဲ ကျွန်တော်တို့ဆောက်ပါမယ်။ လောလောဆယ်ဆောက်နေတဲ့ဟာတွေကတော့ ဆက်ပြီးတော့ ဘတ်ဂျက်ငွေထည့်ဝင်ပါမယ်။ ရှိသမျှ ကျန်တဲ့ဘတ်ဂျက်အားလုံးကို ကျွန်တော်တို့ ဝန်ထမ်းအိမ်ရာဆောက်ဖို့ လုပ်ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းဒေသ ကြီးနဲ့ ပြည်နယ်အားလုံးကို စာထုတ်ပြီးပါပြီ။ ကိုယ့်ရဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာရှိတဲ့ ဘယ်ဆေးရုံ၊ မြို့နယ်ဆေးရုံ၊ ခရိုင်ဆေးရုံက ဝန်ထမ်းအိမ်ရာလိုအပ်ချက်တွေကို အကုန်လုံး တောင်းထားပါတယ်။ တောင်းထားတဲ့အတွက် ဒီစာရင်းတွေရလို့ရှိရင် သုံးသပ်ပြီးတော့ ဦးစားပေးသတ်မှတ်ကာ တစ်နိုင်ငံလုံးမှာ တစ်ပြိုင်တည်းဆောက်ပါမယ်။ တစ်နှစ်အတွင်းမှာကိုလည်း ပြီးစီးနိုင်ပါတယ်။ ဝန်ထမ်းအိမ်ရာဆောက်တာ အရမ်းလွယ်ပါတယ်။ ဆေးရုံဆောက်တာနဲ့ လုံးဝမတူပါဘူး။ ဆေးရုံဆောက်ရင် ဓာတ်ခွဲခန်းကတစ်မျိုး၊ ဓာတ်မှန်ခန်းကတစ်မျိုး၊ Operation ခန်းက တစ်မျိုးဖြစ်ပါတယ်။ ဝန်ထမ်းအိမ်ရာက အင်မတန်အရေးကြီးပါတယ်။ ဝန်ထမ်းအိမ်ရာပြီးသွားရင် ဝန်ထမ်းအပြောင်းအရွှေ့မှာ အရမ်းလွယ်သွားပါပြီ။ ဝန်ထမ်းအပြောင်းအရွှေ့လုပ်ရင် ဝန်ထမ်းတွေက မသွားဘူးဆိုတာက ဝန်ထမ်းအိမ်ရာ မရှိလို့ မသွားခြင်းဖြစ်တဲ့အတွက် ၂၀၁၈-၂၀၁၉ ခုနှစ်မှာတော့ အဆင်ပြေသွားမယ်လို့ ထင်ပါတယ်”ဟု လွှတ်တော်တွင် ပြောကြားသည်။

ဆက်လက်၍ “ဥပမာပြောရရင် ကျေးလက်ကျန်းမာရေးဌာနခွဲမှာရှိတဲ့ ဝန်ထမ်း အိမ်ရာဆောက်မယ်ဆိုရင် ကျပ် ၆၃ သန်း ကုန်ပါတယ်။ ဌာနခွဲမှာရှိတဲ့ ဝန်ထမ်းတွေအတွက် အိမ်ရာဆောက်မယ်ဆိုရင် ကျပ် ၃၁ သန်းကုန်ပါတယ်။ အလားတူပါပဲ။ ၁၆ ခုတင် ဆိုရင် နည်းနည်းပိုကုန်ပါမယ်။ ဆေးရုံခုတင်ပေါ်မူတည်ပြီး ပိုမိုကုန်ကျပါမယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက စာရင်းတွေရရင် ဦးစားပေးအလိုက်ဆောက်ပါမယ်။ ၂၀၁၈- ၂၀၁၉ ခုနှစ်ထဲမှာပါရင် အရင်ဆောက်မယ်။ ကျန်ခဲ့တာတွေကိုတော့ ၂၀၁၉-၂၀၂၀ မှာ ဆောက်ပါမယ်။ ဝန်ထမ်းအိမ်ရာတွေအတွက် အမြန်ဆုံးအဆင်ပြေသွားပါလိမ့်မယ်။ ဝန်ထမ်းအိမ်ရာဆောက်မှာနဲ့ပတ်သက်ပြီး စာရင်းရတာနဲ့ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်ကို ကြိုပြီးပြောပါမယ်။ စတင်ပြီး လုပ်တော့မယ်။ မြေနေရာရှာတာ၊ တင်ဒါခေါ်တဲ့ကိစ္စတွေကို ကြိုပြီးတော့ အဆင်သင့်လုပ်ထားပြီးတော့ ဘတ်ဂျက်ကျတာနဲ့ တင်ဒါကို ပိုက်ဆံပေးလို့ရအောင် လုပ်ထားပါမယ်။ ကျွန်တော်တို့ သိပ်မစောင့်ပါဘူး။ ဘတ်ဂျက်ရတဲ့အထိ မစောင့်ဘူး။ ကြိုတင်ပြီးတော့ အ ကုန်လုပ်ထားမှာဖြစ်ပါတယ်”ဟု ဒေါက်တာ မြင့်ထွေးက ပြောကြားသည်။

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှ ကျေးလက်ကျန်းမာရေးဌာနရှိ ဝန်ထမ်းအိမ်ရာအတွက် ငွေကျပ် ၆၃ သန်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ဝန်ထမ်းအိမ်ရာအတွက် ငွေကျပ် ၃၁ သန်း လျာထားကြောင်း၊ ကျေးလက်ကျန်းမာရေး ဌာနခွဲတစ်ခုတွင် ဝန်ထမ်းအိမ်ရာ ငါး ခန်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခုတွင် ဝန်ထမ်းအိမ်ရာနှစ်ခန်းပါဝင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။