ကျောက်မဲခရိုင်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာရသည့် ဒေသခံပြည်သူ ၁၃၀၀ ကျော် နေရပ်ပြန်နိုင်ခြင်း မရှိသေး

ကျောက်မဲခရိုင်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာရသည့် ဒေသခံပြည်သူ ၁၃၀၀ ကျော် နေရပ်ပြန်နိုင်ခြင်း မရှိသေး
Published 19 January 2018

နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများအား စစ်ဘေးရှောင်စခန်းတွင် တွေ့ရစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်း တပ်မတော်နှင့် TNLA လက်နက်ကိုင်တပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာရသည့် ဒေသခံတိုင်းရင်းသားပြည်သူ ၁၃၀၀ ကျော်မှာ နောက်ထပ်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည်ကို စိုးရိမ်နေသောကြောင့် ၎င်းတို့၏ ကျေးရွာများသို့ ပြန်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံစစ်ဘေးရှောင်ပြည်သူများထံမှ စုံစမ်းသိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၇ နှင့် ၃၀ ရက်များက ကျောက်မဲခရိုင်အတွင်း တပ်မတော်နှင့် TNLA လက်နက်ကိုင်တပ်ဖွဲ့ဝင်များအကြား နှစ်ဖက်ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားကာ တိုက်ပွဲများဖြစ်ပွားလာခဲ့ခြင်းကြောင့် ဒေသခံပြည်သူများမှာ ကျောက်မဲမြို့ပေါ်နှင့် တိုက်ပွဲလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ထိုသို့ တိုက်ပွဲများရုတ်တရက် ဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲလွတ်ရာဒေသများသို့ တိမ်းရှောင်ခဲ့ရာတွင် ကနဦးစစ်ဘေးရှောင်  စခန်းများသို့ ရောက်ရှိစဉ်က ဆောင်းတွင်းကာလ ဖြစ်နေခြင်းကြောင့် အဝတ်အထည်နှင့် စောင်အခက်အခဲများ၊ အစားအသောက် အခက်အခဲများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။ လတ်တလောတွင် ကျောက်မဲမြို့ဒေသခံများနှင့် NGO ၊ INGO အဖွဲ့အစည်းများ အခြားပရဟိတအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများကြောင့် စစ်ဘေးရှောင်ပြည်သူများမှာ အဆင်ပြေနေသော်လည်း ရက် ကြာရှည်လာပါက အစားအသောက်အခက်အခဲများဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံများက ဆိုသည်။

“ဒီစခန်းမှာဆိုရင် လူဦးရေက ဆက်တိုးလာတယ်။ ဘယ်သူမှ သူတို့အိမ်တွေကို မပြန်နိုင်ကြသေးဘူး။ တိုက်ပွဲတွေထပ်ဖြစ်မှာကို စိုးရိမ်နေကြတာလည်းပါတာပေါ့။ သူတို့ စရောက်တုန်းကတော့ အစားအသောက်တွေ ခက်ခဲခဲ့သေးတယ်။ နောက်တော့ ဒေသခံအလှူရှင်တွေ၊ ပရဟိတအဖွဲ့တွေ၊ NGO ၊ INGO အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေကြောင့် အဆင်ပြေသွားပါတယ်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ကလည်း ကူညီထောက်ပံ့ပေးထားသလို ကျန်းမာရေးအတွက်လည်း ခရိုင်ကျန်းမာရေးအဖွဲ့က စောင့်ရှောက်ပေးထားပါတယ်။ ကလေးတွေရဲ့ ပညာရေးကတော့ အတန်းအလိုက်ခွဲပြီးတော့ ကျောက်မဲမြို့ပေါ်က ကျောင်းတွေကို ခွဲပို့ပေးသလို သီးခြားသင် ပေးတာတွေ လုပ်ဆောင်ပေးထားပါတယ်” ဟု ကျောက်မဲမြို့ရှိ ဝါဆိုကျောင်းတိုက်ပွဲ ရှောင်ကယ်ဆယ်ရေးစခန်းမှ တာဝန်ခံတစ်ဦးက ပြောကြားသည်။

တပ်မတော်နှင့် TNLA လက်နက်ကိုင် အဖွဲ့တို့၏တိုက်ပွဲများကြောင့် ကျောက်မဲခရိုင် အတွင်းရှိ ကျောက်ဖြူလေး၊ ကိုက်တိုင်၊ မန်ခေါက်၊ အာပြောင်၊ နားလွေး အစရှိသည့် ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူများကို ကျောက်မဲမြို့ပေါ်ရှိ ဝါဆိုကျောင်း၊ အောင်မြေသာယာကျောင်း၊ မင်္ဂလာကျောင်း၊ အမှတ် (၈) ရပ်ကွက် သန္တိသုခဓမ္မရုံ စသည့်စစ်ဘေးရှောင်စခန်း လေးခုဖွင့်လှစ်ပေးထားပြီး အစားအသောက်၊ အဝတ်အထည်နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးထားကြောင်း သိရသည်။

“တိုက်ပွဲကတော့ မဖြစ်စေချင်ဘူး။ ငြိမ်းချမ်းစေချင်တယ်။ အခုလို တိုက်ပွဲတွေဖြစ်တော့ ထွက်ပြေးလာရတယ်။ မကောင်းဘူးလေ။ အိမ်ကိုပြန်ချင်တယ်။ စိတ်လည်းမကောင်းဘူး။ ငြိမ်းချမ်းရေးရချင်တယ်။ အိမ်ကိုပြန်ချင်တယ်” ဟု စစ်ဘေးရှောင် ပလောင်တိုင်းရင်းသူတစ်ဦးက ဆိုသည်။

“ငြိမ်းချမ်းရေးကတော့ အမြန်ဆုံးရချင်တာပေါ့။ ကျွန်တော်တို့ရွာက အရင်ကတိုက်ပွဲဖြစ်ရင် အခုလောက်မဆိုးခဲ့ဘူး။ အခုက ရွာအနီးနားမှာ တိုက်ပွဲကဖြစ်နေတာ။ တိုက်ပွဲရှောင်ကြမယ်လုပ်တော့ သွားမယ့်လမ်းနေရာက တိုက်ပွဲဖြစ်နေတာ။ ဒါကြောင့် နောက်ရက်မှ အခြေအနေကြည့်ပြီး ထွက်ပြေးလာခဲ့တာ။ တချို့ကတော့ ဒီကိုပါမလာကြဘူး၊ သူတို့နဲ့ နီးစပ်ရာဆွေမျိုးတွေဆီမှာပဲ ခိုလှုံနေကြတာ။ ဘယ်အချိန်ပြန်ရမလဲဆိုတာတော့ မသိသေးပါဘူး။ တိုက်ပွဲတွေထပ်ဖြစ်မှာကိုလည်း စိုးရိမ်နေကြသလို အမြန်ဆုံးလည်း ငြိမ်းချင်စေချင်နေကြတယ်”  ဟု ကျောက်ဖြူလေးကျေးရွာမှ စစ်ဘေးရှောင်အုပ်ချုပ်ရေးမှူး ကိုစောလှိုင်က ဆိုသည်။

တိုက်ပွဲများကြောင့် ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာရသည့် စစ်ဘေးရှောင်ပြည်သူများမှာ လက်ရှိအချိန်တွင် စစ်ဘေးရှောင်စခန်းများတွင်သာ နေထိုင်နေရဆဲဖြစ်ကာ နေရပ်ဌာနအသီးသီးသို့ ပြန်နိုင်ခြင်းမရှိသေးပေ။ လက်ရှိအချိန်တွင် စစ်ဘေးရှောင်စခန်းများတွင် အစားအသောက်များနှင့် အဝတ်အထည်များအား ကူညီထောက်ပံ့ပေးမှုများရှိသော်လည်း ရက်ကြာရှည်လာပါက အစားအသောက် အခက်အခဲများကြုံတွေ့ လာနိုင်ကြောင်း စစ်ဘေးရှောင်စခန်းများမှ စုံစမ်းသိရသည်။

Most Read

Most Recent