ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်အား ရဲတပ်ဖွဲ့ကဖမ်းဆီး

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်အား ရဲတပ်ဖွဲ့ကဖမ်းဆီး
Published 18 January 2018

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်အား ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ၎င်း၏နေအိမ်မှ ဇန်နဝါရီ ၁၈ ရက် (ယနေ့) မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိတွင် စစ်တွေမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၊ မတရားအသင်း အက်ဥပဒေတို့ဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်အား တရားစွဲဆိုရန် ရခိုင်ပြည်နယ်အစိုးရက ဆုံးဖြတ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ဇန်နဝါရီ ၁၆ ရက်တွင် ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး (၄/၂၀၁၈) အရ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒေါက်တာအေးမောင်နှင့်အတူ စာရေးဆရာ ဝေဟင်အောင် (ခ) အောင်ကျော်ဝင်းကိုလည်း အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် တောင်ရင်းတိုင်းရပ်ကွက် စေတီယင်္ဂဏကျောင်းတိုက်ဓမ္မာရုံတွင် ဇန်နဝါရီ ၁၅ ရက်က ပြုလုပ်သည့် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း (၂၃၃) နှစ်မြောက် ဝမ်းနည်းဖွယ် အထိမ်းအမှတ် စာပေဟောပြောပွဲကို မေယုရင်သွီးလူမှုကူညီရေးအသင်းက ဦးဆောင်ကျင်းပခဲ့ပြီး အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ ဟောပြောခဲ့ကြောင်း၊ စာပေဟောပြောပွဲတွင် စာရေးဆရာ ဝေဟင်အောင် (ခ) အောင်ကျော်ဝင်းက “ရခိုင်ပြည်နယ် အချုပ်အခြာအာဏာ ကျဆုံးသွားသည်မှာ နှစ်ပေါင်း ၂၃၃ နှစ် ရှိခဲ့ပြီး လူမျိုးဆက် ငါးဆက်ခန့် ကင်းကွာခဲ့ကြောင်း၊ နိုင်ငံရေးတွင် လက်ဝါးဖြန့်တောင်း၍ မရသောကြောင့် လက်ညှိုးကွေးပြီး တောင်းသည့်အဖွဲ့ ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း၊ ယခုအချိန်တွင် ထွန်းမြတ်နိုင် ဦးဆောင်သော AA တပ်မတော်သည်လည်း ရခိုင်နိုင်ငံတော်နှင့် အချုပ်အခြာ ပြန်လည်ရရှိရေး၊ ဗမာ့ကျွန်အဖြစ်မှ လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်လျက်ရှိကြောင်း၊ ရသေ့တောင်မြို့နယ်သူ၊ မြို့နယ်သားများ အနေဖြင့်လည်း ဗမာ့ကျွန်အဖြစ်မှ လွတ်မြောက်ရန် အားလုံးတွင် တာဝန်ရှိကြောင်း၊ ယခုအချိန်သည် နိုင်ငံရေးအကျပ်အတည်း ဖြစ်နေသည့် အချိန်ကာလဖြစ်နေ၍ မိမိတို့အတွက် အခွင့်အရေးသာနေသော အချိန်ဖြစ်ကြောင်း၊ ဗမာ့ကျွန်ဘဝမှ လွတ်မြောက်နိုင်ရေး နှင့် လွတ်လပ်ရေး ရရှိရေးအတွက် တော်လှန်တိုက်ခိုက်ရန် အချိန်ကောင်းဖြစ်ကြောင်း၊ အားလုံးပါဝင်ကြရန် လိုအပ်ကြောင်း” စသည်ဖြင့် အကျယ်တဝင့် ဟောပြောခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် ဒေါက်တာအေးမောင်ကလည်း “ဗမာများအနေဖြင့် ရခိုင်လူမျိုးများကို ဗမာ့ကျွန်အဖြစ်လောက်သာ ထားရှိပြီး တန်းတူအခွင့်အရေး မပေးကြောင်း၊ အချုပ်အခြာအာဏာ ရရှိရေးအတွက် နည်းလမ်း နှစ်ခုသာရှိကြောင်း၊ လက်နက်ကိုင်တော်လှန်ရေးနည်း နှင့် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များရှိကြောင်း၊ မိမိမှာ နောက်တစ်နည်းဖြစ်သော လူထုဗဟိုပြု နိုင်ငံရေးနည်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ နိုင်ငံရေးအားနည်းချက်ကို အခွင့်ကောင်းယူ၍ ပန်းတိုင်ရောက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ နောက်နှစ်များစွာ ရောက်တိုင်းမှာ အချုပ်အခြာအာဏာ ပြန်လည်ရယူလိုရေး စိတ်ဓာတ်မွေးရန်၊ လက်နက်ကိုင် တော်လှန်ရေး နှင့် လူထုဗဟိုပြု နိုင်ငံရေးအားလုံး၏ ပန်းတိုင်သည် အချုပ်အခြာအာဏာကို ပြန်လည်ရယူနိုင်ရေးသာ ဖြစ်ကြောင်း၊ လူထုကိုစည်းရုံးခြင်း၊ လက်နက်ကိုင် တော်လှန်ခြင်းတို့ ပြုလုပ်ပြီး အာဏာရယူရန် နည်းမျိုးစုံဖြင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွှဲပြီး ရည်မှန်းချက် ပန်းတိုင်သို့ သွားနေခြင်းဖြစ်ကြောင်း၊ ယခုလိုဟောပြောပွဲများ ကျင်းပခြင်းဖြင့် တစ်မျိုးသားလုံး ထားရှိသင့်သည့် ရည်မှန်းချက်ပန်းတိုင်ကို သိရှိပြီး အမျိုးသားရေးတစ်ရပ်အနေဖြင့် ပါဝင်ကူညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း” ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ ပြောကြားချက်များနှင့် ပတ်သက်ပြီး ၎င်းတို့နှစ်ဦးအား နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၁ (ခ) (ဂ) ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) (ဂ) ၊ မတရားအသင်း အက်ဥပဒေပုဒ်မ (၁၇) (၁) (၂) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုသွားရန် ဆုံးဖြတ်ခဲ့ပြီး ရသေ့တောင်မြို့နယ် ရဲစခန်းက ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းတွင် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ခဲ့ကာ ည ၈ နာရီ မိနစ် ၂၀ ခန့်တွင် ဝေဟင်အောင် (ခ) အောင်ကျော်ဝင်းအား စစ်တွေမြို့နယ်ရဲစခန်းအချုပ်၌ အမှုဖြင့် ဖမ်းဆီးချုပ်နှောင်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent