ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဖြစ်ပွားသော လူအသေအပျောက် များခဲ့သည့် အဓိကရုဏ်းဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့၏ ကိုင်တွယ်နှိမ်နင်းမှုအပေါ် ဝေဖန်မှုမြင့်တက်

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဖြစ်ပွားသော လူအသေအပျောက် များခဲ့သည့် အဓိကရုဏ်းဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့၏ ကိုင်တွယ်နှိမ်နင်းမှုအပေါ် ဝေဖန်မှုမြင့်တက်
Published 18 January 2018

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို မြောက်ဦးဆေးရုံရှိ ရင်ခွဲရုံတွင် ထားရှိသည်ကို ဆွေမျိုးသားချင်းများ လာရောက်ကြည့်ရှုနေစဉ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းဖြစ်စဉ်ကြောင့် ခုနစ်ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၂ ဦးရှိကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကြီး အောင်မြတ်မိုးထံမှ သိရသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဇန်နဝါ ရီ ၁၆ ရက်က ၂၃၃ နှစ်မြောက် ရခိုင်ဘုရင့် နိုင်ငံတော်ကျဆုံးရခြင်း အထိမ်းအမှတ်အခမ်းအနားအား ပြာသိုလတွင် နှစ်စဉ်ကျင်းပခဲ့ပြီး ယခုနှစ်တွင် ခွင့်ပြုချက်မရှိဟုဆိုကာ ဖျက်သိမ်းခံရခြင်းကြောင့် လူစုလူဝေးဖြစ်ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ခြင်း ဖြစ်သည်။

“ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက “ကျွန်တော်တို့အခု ဆေးရုံရောက်တဲ့ စာရင်းအရတော့ ခုနစ်ယောက် သေတယ်။ ၁၂ ယောက် ဒဏ်ရာရပါတယ်။ နောက်ထပ်တော့ စိစစ်ဆဲပါ”ဟု ဇန်နဝါရီ ၁၇ ရက် နံနက်က ပြောကြားသည်။

မြောက်ဦးမြို့ နန်းတော်ရာကုန်းတွင် ပြုလုပ်ခဲ့သည့် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးနေ့အား ကျင်းပရန် စီစဉ်ခဲ့ပြီး အဆိုပါ အခမ်းအနားတွင် ဒေါက်တာအေးမောင်က “ရခိုင်ရို့၏အနာဂတ်” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဘဒ္ဒန္တအသျှင်အဂ္ဂမှ “ ကံကြမ္မာရိုင်းလို့ သွီးကြီးရိုင်းသည်” ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောရန် စီစဉ်ထားခဲ့ပြီး “ဥသြရီသောက် မင်းဆက်ပျောက်” အမည်ရှိ ပြဇာတ်ကို တင်ဆက်ကပြရန် စီစဉ်ထားခဲ့သည်။

ထိုသို့ ပြုလုပ်ခြင်းအပေါ် ငြိမ်းစုစီဥပဒေအရ ဆောင်ရွက်ခွင့်မရှိဟု အာဏာပိုင်များက တားဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ည ၈ နာရီတွင် လူစုလူဝေးမှာ တဖြည်းဖြည်းများလာခြင်း ဖြစ်ကြောင်း မြောက်ဦးမြို့နယ် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောကြားသည်။

“ဖြစ်ရတာက ငြိမ်းစုစီဥပဒေအရ အဲဒီအခမ်းအနားကို လုပ်လို့ မရဘူးပေါ့နော်။ လုပ်လို့မရတဲ့အကြောင်းကို ကျွန်တော်ကတော့ ရဟန်းသံဃာတွေနဲ့ ပြည်သူလူထုသိအောင် ရှင်းပြခဲ့ပါတယ်။ ပထမရှင်းပြတဲ့အချိန်မှာ လူထုက အဲဒီလောက်ထိမများသေးဘူး။ လူထု က နားလည်သဘောပေါက်ကြပါတယ်။ ည ၈ နာရီကျော်လာတဲ့အခါမှ လူထုက နန်းရာ ကုန်းပေါ်ကိုရောက်လာတယ်။ ဒီပွဲကို ဘယ်သူ တားလဲ၊ ဘယ်သူကအမိန့်ပေးလို့ ဒီပွဲကိုရပ် လိုက်ရလဲဆိုတာ လူထုက မစဉ်းစားနိုင်ဘူး။ ဆိုတော့ လူတွေက များလာတယ်။ ဒီပွဲကို တားတာဟာ ခရိုင်ဖြစ်ရမယ်။ သို့မဟုတ် မြို့ နယ်ဖြစ်ရမယ်။ ဆိုပြီးတော့ ဆန္ဒထုတ်ဖော်ကြ မယ်ဆိုပြီးတော့ လူတစ်ထောင်လောက်အဲဒီ လိုသဘောထားရှိပါတယ်” ဟု ဦးထွန်းသာ စိန်က ပြောကြားသည်။

ထိုသို့ လူစုလူဝေးများလာခြင်းကြောင့် ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရဲတပ် ဖွဲ့တွင် လူစုလူဝေးအား ထိန်းသိမ်းသည့်နေရာ တွင် နည်းစနစ်များရှိကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။

“သူတို့လက်ထဲမှာတော့ တုတ်ဓားတွေ မပါဘူး။ လူစုတာနဲ့ ပွဲမလုပ်ရကောင်းလား ဆိုပြီး ဒေါကန်ပြီးသွားကြတဲ့သဘောဖြစ်တယ်။ ဆိုတော့ လမ်းပေါ်မှာတွေ့တဲ့ခဲကိုကောက် ပြီးတော့ ခရိုင်ရုံးကို ပေါက်ကြတယ်။ ကားတွေ ကို ရိုက်ကြတယ်။ အဲဒီလောက်အဆင့်ပဲရှိပါ တယ်။ အဲဒီအဆင့်လောက်ကို လုံခြုံရေးတပ်ဖွဲ့ ကတော့ပေါ့နော်။ လူထုကို ထိန်းတဲ့အနေနဲ့ သေနတ်ကို မိုးပေါ်ထောင်ပစ်လို့ရပါတယ်။ ရော်ဘာကျည်ကို အသုံးပြုလို့ရပါတယ်။ သို့ မဟုတ် မျက်ရည်ယိုဗုံး ခွဲပြီးတော့ လူစုခွဲလို့ ရပါတယ်။အခုဟာက ကျည်ဆန်အစစ်ပါတဲ့ တည့်တည့်ပစ်တယ်။ ဒါဟာမဖြစ်သင့်ဘူးလို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရဲတပ်ဖွဲ့ အနေနဲ့လည်း လူထုကိုထိန်းသိမ်းတဲ့အခါမှာ ဒီလိုမျိုးထိခိုက်ဒဏ်ရာရမှုတွေ၊ သေကျေ ပျက် စီးမှုတွေ မဖြစ်စေချင်ဘူး။အဲဒီ ရဲတွေမှာလည်း လူထုကိုထိန်းတဲ့အခါမှာ ဘယ်လိုဖြိုခွဲရမလဲ ဆိုတာ သူတို့မှာ နည်းစနစ်တွေရှိပါတယ်။အခုလို ပစ်ဖောက်တာကတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ မဖြစ်သင့် ဘူးလို့ ပြောချင်ပါတယ်။ ဒီလိုမျိုးဖြစ်လာရင် နည်းဗျူဟာနဲ့လုပ်ပါ။ အခုလိုမျိုးတော့မဖြစ်သင့်ဘူးလို့ပြောချင်ပါတယ်။ အခုလိုဖြစ်သွား တဲ့အပေါ်မှာ သေဆုံး၊ ဒဏ်ရာရသွားတဲ့သူ တွေရဲ့မိသားစုတွေကတော့ ရင်ထဲမှာတော့ ခံစားရမယ်။ ဒီလိုမျိုးနောက်မဖြစ်အောင် တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ် တွေ ရဟန်းသံဃာတွေကပါ ဆိုဆုံးမတော့ ထိန်းသိမ်းပြီးတော့ ပေးထားတဲ့ ဘောင်ထဲက ဘယ်လိုဘယ်လို သွားရမလဲ။ ပေးထားတဲ့ ဥပဒေဘောင်ထဲကနေ ရသင့်ရထိုက်တာကို ဘယ်လိုမျိုး တောင်းဆိုသွားရမလဲ။ လုပ်သွားရ မလဲဆိုတာကို ပြည်သူတွေသိအောင်၊ မိသားစု တွေနားလည်အောင် လူထုအုံကြွမှုမဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း လုပ်သွားရမယ်လို့မြင်ပါ တယ်။ ဖမ်းဆီးတာတွေတော့မကြားရသေးပါ ဘူး” ဟု ဇန်နဝါရီ ၁၇ နံနက်ကပြောကြားသည်။

မြောက်ဦးမြို့ဆေးရုံတွင် လုံခြုံရေးရယူနေသည့် တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်

ယခင်အစိုးရလက်ထက်ကတည်းက အဓိကရုဏ်းနှိမ်နင်းမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဥရောပသမဂ္ဂ (EU) မှ သင်တန်းပေးခြင်းများကို ပြုလုပ်ခဲ့ပြီး၊ ယင်း သင်တန်းတွင် ရဲတပ်ဖွဲ့အနေဖြင့် အဓိကရုဏ်း များနှိမ်နင်းရာတွင် ပထမအဆင့်အနေဖြင့် အာဏာပိုင်များအနေဖြင့် ညှိနှိုင်းရမည်ဖြစ် ကြောင်း၊ ထိုသို့ပြုလုပ်ရာတွင် အဆင်မပြေပါ က ဒုတိယအဆင့်အနေဖြင့် သက်ဆိုင်ရာ အာ ဏာပိုင်များဘက်မှ တားဆီးမှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှအငြိမ်းစားရဲမှူး တစ်ဦးက ပြောကြားသည်။

“အီးယူသင်တန်းက အရင်လိုမဟုတ် တော့ဘူး။ ညှိနှိုင်းတာတို့၊ ဖျန်ဖြေတာတို့ အရင် စရတယ်။ သူတို့နဲ့ သက်ဆိုင်ရာ သက်ဆိုင်ရာ တွေပေါ့။ ဥပမာ- ဘုန်းကြီးနဲ့ဖြစ်ရင် ဘုန်းကြီး ထဲက အကြီးအကဲတစ်ပါးနဲ့ တွေ့ပြီး ညှိနှိုင်းရ တယ်။ ကျောင်းသားကိစ္စဆိုရင် ကျောင်းအုပ်၊ ပါမောက္ခတို့နဲ့ တွေ့ရတယ်။ ရပ်ကွက်ထဲမှာ ဖြစ်ရင်တော့ သက်ဆိုင်တဲ့ ရပ်ကွက်လူကြီးနဲ့ ရှင်းရတာပေါ့။ သူတို့နဲ့ အဆင်ပြေမယ့်သူနဲ့ သူတို့ရင်ထဲက ဖြစ်နေတဲ့ဟာကို အရင်ထိတွေ့ ပေးတဲ့သဘောပဲ။ အဲဒါတွေပြီးမှ တစ်ဆင့်ချင်း သွားတာပါ။ ဝုန်းဒိုင်းသွားတဲ့ ပုံစံမဟုတ်ပါဘူး။ အရှိန်သေအောင် လုပ်ရပါတယ်။ ဥပဒေတွေ ကို ချပြရတယ်။ ဘယ်လိုလုပ်လို့ရတယ်ဆိုတဲ့ အဆင့်တွေကို သူတို့သိအောင် ပြောပြရတယ်။ တချို့က မသိဘူး။ မသိတော့ လမ်းကြောင်းတွေ ဘယ်လိုရှိလဲ သူတို့ကမသိဘူး။ အဲဒီလိုရှင်းပြ တာမှ မရဘဲ တိုးလာရင် ဥပဒေကို ချိုးဖောက် တာပေါ့။ အဲဒီလိုမှမဟုတ်ဘဲ သူတို့ဘက်က လုပ်ကိုလုပ်မယ်ဆိုပြီး ဆက်တိုးလာရင် ဥပဒေ ကို ချိုးဖောက်သွားပြီ။ အဲလိုအချိန်ကျရင် သက်ဆိုင်ရာဘက်ကလည်း ဥပဒေအရ တား ဆီးတာတွေ၊ ဟန့်တားတာတွေ လုပ်ရတော့ မှာ။ လုံခြုံရေးနယ်မြေမှာတော့ မရဘူး။ လက် နက်ပါလာမယ် (သို့မဟုတ်) အကြမ်းဖက်လာ မယ်ဆိုရင် on the spot လုပ်ရတော့မယ်။ တခြားနေရာဆိုရင်တော့ တစ်မျိုးပေါ့။ ရဲစခန်း တို့ ဘာတို့က လုံခြုံရေးကန့်သတ်နယ်မြေတွေ ဖြစ်တယ်။ ကန့်သတ်နယ်မြေထဲကို ဝင်လာ မယ်ဆို မရတော့ဘူး။ တစ်ဖက်ကလည်း မလုပ် နဲ့ဆိုတာကို လုပ်တာမျိုးဆိုရင် တစ်ခုခုဖြစ်သွား နိုင်တာပေါ့။ အကောင်းဘက်နဲ့ ဝင်တာမဟုတ် ဘဲ အဆိုးဘက်နဲ့ဝင်တာဆိုရင်တော့ ဖျန်ဖြေ လို့ မရတော့ဘူး။ ရဲစခန်းမပြောနဲ့ ရဲကင်းထဲ ဝင်လာတောင်မရပါဘူး။ ဟန့်တားတာကိုမှ ဝင်လာရင် လုပ်သင့်တာကို လုပ်ရမှာပါ” ဟု အဆိုပါအငြိမ်းစားရဲအရာရှိက ပြောကြားသည်။

ဇန်နဝါရီ ၁၆ ရက် ညပိုင်းကဖြစ်ပွားခဲ့ သည့် အဓိကရုဏ်းဖြစ်စဉ်နှင့် ပတ်သက်ပြီး လူစုလူဝေးမှ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် ခရိုင် အုပ်ချုပ်ရေးမှူးရုံးအား ဖျက်ဆီးခဲ့ကြောင်း၊ ထို့ကြောင့် အဓိကရုဏ်းနှိမ်နင်းရေးသေနတ် ကိုအသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြော ကြားသည်။

“မနေ့ကဖြစ်စဉ်က လူအုပ်စုနဲ့ အဲဒီမှာ ဒီ မြောက်ဦးမြို့ နန်းတော်ရာကုန်းမှာ စုဝေးပြီး တော့ ဟောပြောပွဲပုံစံမျိုး လုပ်ဖို့ လူ ၁၅၀၀ ၊ ၂၀၀၀ လောက်စုပါတယ်။ စုပြီးတော့ အဲဒီမှာ နိုင်ငံတော်အစိုးရကို ဆန့်ကျင်တဲ့စကားတွေ၊ အကြည်ညိုပျက်စေမယ့် စကားတွေ ပြောတဲ့ အတွက် ဒီဘက်က ခွင့်မပြုဘူး။ ခွင့်မပြုတဲ့ အပေါ်မှာ မကျေနပ်ဘဲနဲ့ ဆင်းလာပြီးတော့မှ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ဝိုင်းပြီးတော့မှ ရန်ပြုပါတယ်။ အဲဒီအတွက် ပစ်ခတ်ဖြိုခွဲလိုက်ရပါတယ်။ အဓိကရုဏ်းနှိမ် နှင်းရေးသေနတ်လို့ ခေါ်ပါတယ်။နိုင်ငံတကာ Standard အရ အသိအမှတ်ပြုထားတဲ့ ရော်ဘာ ကျည်နဲ့ ပစ်တဲ့သေနတ်ကို အသုံးပြုပါတယ”ဟု ရဲမှူးကြီး အောင်မြတ်မိုးကပြောကြားသည်။ ကနဦးရရှိသော သတင်းများအရ ရဲတပ် ဖွဲ့၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် သေနတ် ထိမှန် ဒဏ်ရာဖြင့် သေဆုံးသူအချို့မှာ ကိုသန်းမောင် (၁၈ နှစ်)၊ ဇင်္ဂလကုန်းကျေးရွာ မြက်ရိတ်ကျွန်း အုပ်စုနေ ကိုညီညီကျော် (ခ) ဦးညီဘု (၃၁ နှစ်)၊ ဗန္ဓုလရပ်ကွက် အောင်တပ်အုပ်စု မောင် နိုင်ဆန်းချေ (၂၁ နှစ်)၊ အောင်မင်္ဂလာ အောင် တပ်အုပ်စုနေ ကိုကျော်နိုင်ဝင်း (၂၃ နှစ်)၊ ကြက်လျှာကျွန်း အလယ်ဈီးရပ်ကွက်နေ မောင်ကျော်သိန်းစိုး အသက် (၁၅ နှစ်)၊ (ဘ) ဦးလှသိန်းထွန်း မဟေဂျီ အောင်တပ်ရပ်ကွက်၊ မောင်မင်းကျော်သန်း အသက် (၁၆ နှစ်)၊ (ဘ) မောင်ထွီးညို မဟေဂျီ အောင်တပ်ရပ်ကွက်နှင့် ပုဏ္ဏားကျွန်းမှ သေဆုံးခဲ့သူတစ်ဦးမှာ နာမည် နှင့် နေရပ်ကို စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

မြောက်ဦးမြို့ ဆေးရုံ၌ တက်ရောက်ကုသနေသည့် အဓိကရုဏ်းတွင် ဒဏ်ရာရရှိခဲ့သူ တစ်ဦးကိုတွေ့ရစဉ်

ရဲတပ်ဖွဲ့မှ အဓိကရုဏ်းဖြစ်စဉ်တွင် ပစ် ခတ်နှိမ်နင်းမှုကြောင့် လက်ရှိတွင် မြောက်ဦး ဆေးရုံတွင်သာမက စစ်တွေပြည်သူ့ဆေးရုံ တွင်လည်း လူနာများရောက်ရှိလျက်ရှိပြီး ဇန်နဝါရီ ၁၇ ရက်အထိ စာရင်းများအရ လူနာ ရှစ်ဦး ရောက်ရှိလာကြောင်း၊ ဒဏ်ရာများမှာ ပေါင်နှင့် လက်များတွင်တွေ့ရကြောင်း၊ ဆေးရုံ တွင် လူနာများအား အရိုးဆောင်တွင် သီးသန့် ထားရှိကြောင်း၊ အပြင်လူများကို ဝင်ရောက်ခွင့် မပေးကြောင်း စစ်တွေမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိနေသည့် The Daily Eleven သတင်းစာ၏ သတင်းထောက်ကတိုက်ရိုက် ပေးပို့သည်။

“ စစ်တွေမှာကတော့ လောလောဆယ် ဆေးရုံရောက်နေတဲ့လူနာတွေရှိတယ်။ ကျန် တာကတော့ ထူးခြားမှုမရှိပါဘူး}} ဟု The Daily Eleven သတင်းထောက်က ဆိုသည်။

အဓိကရုဏ်းဖြစ်ပွားခဲ့သည့် မြောက်ဦး မြို့တွင် လုံခြုံရေးများရယူထားသည်ကို တွေ့ရ ပြီး မြောက်ဦးမြို့ ဆေးရုံရှေ့တွင် မြို့ခံလူထုများ က လာရောက်ကြည့်ရှုလျက်ရှိကြောင်း၊ ဆေးရုံ တွင် အဓိကရုဏ်းဖြစ်စဉ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူများကို ထားရှိကာ ဆွေမျိုးများက လာရောက်ကြည့်ရှုလျက်ရှိ ကြောင်း၊ ဆေးရုံအဝတွင် ရဲလုံခြုံရေးယာဉ် နှစ်စီးမှ စောင့်ဆိုင်းလျက်ရှိကြောင်း မြောက်ဦး မြို့တွင် ရောက်ရှိနေသည့် The Daily Eleven သတင်းထောက်က သတင်းပေးပို့သည်။

“လူကတော့ လောလောဆယ် ဆေးရုံရှေ့ မှာ ထောင်နဲ့ချီရှိတယ်။ ဒေသခံတွေ လာကြည့် တာပေါ့။ ဆေးရုံထဲမှာက လုံခြုံရေးကားနှစ်စီး တွေ့တယ”ဟု The Daily Eleven သတင်းထောက်က ဇန်နဝါရီ ၁၇ ရက် ညနေ ၃ နာရီခွဲ က သတင်းပေးပို့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြန်ကြား ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့ အလယ်ဈေးရပ် ကွက်ရှိ နန်းတော်ရာကုန်း၌ ရခိုင်ဘုရင့် နိုင်ငံ တော် အချုပ်အခြာအာဏာ ကျဆုံးသည့် (၂၃၃) နှစ်မြောက် အထိမ်းအမှတ် စာပေဟော ပြောပွဲ ပြုလုပ်ရန်ကိစ္စနှင့် ပတ်သက်၍ တား မြစ်မှုအပေါ် မကျေနပ်သဖြင့် ဇန်နဝါရီ ၁၆ ရက် ည ၇ နာရီတွင် လူစုလူဝေး ဖြစ်ပေါ်ခဲ့ ကြောင်း၊ ၎င်းင်းတို့က မြောက်ဦးမြို့အတွင်းကြွေးကြော်သံများဖြင့် လှည့်လည်စဉ် ရဲတပ်ဖွဲ့ဝင် များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ရဲလုပ်ငန်းများနှင့်အညီ အဆင့်ဆင့် တားမြစ်ခဲ့သော်လည်း အခြေအနေ ပိုမိုဆိုးရွားလာသဖြင့် သေနတ်ဖြင့် သတိပေး ခြောက် လှန့်ပစ်ခတ်ခြင်း၊ လူစုကွဲစေရန် ပစ် ခတ်ခြင်းများပြုလုပ်ခဲ့မှုကြောင့် အမျိုးသား ခုနစ်ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်တွင် လူစုလူဝေးမှကျောက် ခဲများဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀ ခန့် ထိခိုက်ဒဏ်ရာများရရှိပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း ဝန်ထမ်းဆိုင်ကယ်အချို့ ပျက်စီးခြင်း၊ ဌာနပိုင် မော်တော်ယာဉ်အချို့ ပျက်စီးခြင်း၊ ရုံးခန်းနှင့် မှန်တံခါးများ ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း၊ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

မြောက်ဦးမြို့ လူစုလူဝေးအား ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်မှုအပေါ် စကားသံများ

ဦးခိုင်ဆန်းအောင် (၈၈ ရခိုင်မျိုးဆက်သစ်လူမှုဖွံ့ဖြိုးရေးအဖွဲ့)

“ဒီဖြစ်စဉ်ဟာ ကျွန်တော်တို့ရဲ့ လွတ် လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ပြော ဆိုခွင့်၊ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့် တွေကိုတားဆီးခံရပြီး လူ့အခွင့်အရေး ချိုး ဖောက်ခံရတာပေါ့။ ဒီ ဖြစ်စဉ်မှာ ထိန်းထိန်း သိမ်းသိမ်းနဲ့လုပ်လို့ရတာတွေရှိတယ်။ လူစု ဖြိုခွင်းတဲ့နည်းတွေရှိပါတယ်။ အခုလို ပစ်ချ လိုက်တာက ကျွန်တော်တို့ ရခိုင်ပြည်သူတွေ အပေါ်မှာ သေနတ်ပြောင်းက ရှိနေတာလား ဆိုတဲ့ ခံစားချက်ခံစားရတယ်။ အခုတော့ ဖြစ် စဉ်တွေကို သေချာစုံစမ်းနေပါတယ်။ ကျွန် တော်တို့ပြောမှာပါ။ ပြောဖို့လည်း တာဝန် ရှိပါ တယ်။ အခုအဖြစ်အပျက်က ရခိုင်တစ်မျိုးသား လုံးအတွက် ကိုယ်စားပြုပြီး လုပ်ရမယ့်လုပ် ငန်းဖြစ်တယ်။ သူတို့ဆီမှာရတဲ့ ဒဏ်ရာတွေကို ကျွန်တော်တို့ စုံစမ်းကြည့်တော့ ကျည်အစစ်နဲ့ ပစ်တဲ့ဒဏ်ရာတွေလို့ သိရတယ်။ ရော်ဘာကျည် နဲ့ပစ်တာ မဟုတ်ပါဘူး။ စိုးရိမ်ရမယ့် အနေအ ထားမှာရှိနေတဲ့သူတွေလည်း ရှိနေပါတယ်။အစိုးရကို ပြောချင်တာက ဒီဖြစ်စဉ်ကို သေချာ စုံစမ်းစစ်ဆေးပေးစေချင်ပါတယ်။ ပြည်သူ လူထုသိအောင်ချပြစေချင်ပါတယ်”

ဦးဌေး (တရားလွှတ်တော်ရှေ့နေ)

“အဓိကကတော့ လုပ်ထုံးလုပ်နည်း ကျင့်ထုံးဥပဒေဆိုတာရှိတယ်။ ကျင့်ထုံးဥပဒေ နဲ့အညီလုပ်ရမှာ။ ရုန်းရင်းဆန်ခတ်ဖြစ်တယ် လူစုလူဝေးဖြစ်တယ်ဆိုရင် ဥပဒေနဲ့အညီ ကိုင် တွယ်ရမှာပေါ့။ ဥပဒေအရ လုပ်တယ် မလုပ် ဘူးဆိုတာကိုတော့ ကျွန်တော်တို့က သတင်း ထဲမှာပါတဲ့အတိုင်းပဲ သိရတာ။ လိုအပ်လို့ လုပ်မယ်ဆိုရင် ပုဒ်မ ၁၄၄ ထုတ်ပြန်ရမှာပေါ့။အဲဒီလို လုပ် မလုပ် ကျွန်တော်တို့က မသိရ သေးဘူး။ အခုလို လူစုလူဝေးကို ပစ်ခတ်တယ် ဆိုတာကတော့ ပြင်းထန်တဲ့ သဘောဖြစ်သွား တယ်ပေါ့။ ရခိုင်ကိစ္စကအရေးကြီးပါတယ်။ ရခိုင်မှာ လက်ရှိ ဘင်္ဂါလီအရေးကို ဖြေရှင်းနေ ရဆဲရှိနေသေးတယ်။ရခိုင်မှာ မူလကတည်းက လူမျိုးရေးအရ အမျိုးသားအဆင့် တွေ့ဆုံဆွေး နွေးခွင့် မပေးထားသေးဘူး။ အဲဒီလိုအခြေ အနေမှာ ရခိုင်တိုင်းရင်းသားတွေအပေါ် ပစ် ခတ်တာက ရခိုင်တိုင်းရင်းသားတွေကို စိတ် ဒဏ်ရာဖြစ်စေပြီး တိုင်းရင်းသားစည်းလုံး ညီ ညွတ်ရေးကို ပြိုကွဲစေနိုင်တယ်။ အဲဒါကြောင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်စေချင်ပါ တယ်။ မြန်မာနိုင်ငံမှာက ရခိုင်ပြည်နယ် မှာဘင်္ဂါလီအရေး ဖြေရှင်းနေရဆဲမှာ နောက် ထပ် ပြဿနာတစ်ခုပေါ်လာတယ်။ ဒါဟာ မကောင်းဘူးပေါ့”

ဦးအောင်မျိုးမင်း (Equality Myanmar)

“အဓိကကတော့ အဓိကရုဏ်းနှိမ်နင်း ရေးအပိုင်းမှာ အားနည်းချက် ပြဿနာရှိတယ် လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူစုလူဝေးနဲ့ဖြစ်လာပြီဆိုရင် ဘယ်လိုဖြိုခွင်းရ မလဲဆိုတာက အဆင့်ဆင့်ရှိတယ်။ ဥပမာဖြစ် ဖြစ်ချင်း ဘယ်လိုမျိုးသေနတ်နဲ့ အချက်ပေးရမလဲ၊ ဘယ်လိုခြောက်လှန့်ရမလဲ၊ မဖြစ်မနေ ပစ်မယ်ဆိုရင်တောင် အန္တရာယ်မဖြစ်အောင် ဘယ်လိုနေရာကို ပစ်ရမလဲဆိုတာတွေ ရဲတပ်ဖွဲ့ တွေကို ပို့ချထားတာတွေရှိပါတယ်။ အထူး သဖြင့် EU ကနေလေ့ကျင့် သင်ကြားပေးထား တာတွေ ရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲ လေ့ ကျင့်သင်ကြားပေးထားပေမယ့် တကယ်တမ်း ဖြစ်လာတဲ့ စနစ်တကျအသုံးမပြုတဲ့အတွက် ဒီလိုတွေ ဖြစ်လာတာပါ။ အဲဒါတွေကြောင့် ဖြစ်လာနိုင်တာပေါ့။ အဲဒါကြောင့် အဓိက အဓိကရုဏ်းဖြေရှင်းမှုအပိုင်းကို ထောက်ပြ ချင်ပါတယ်။ နောက်တစ်ခုက တစ်ခုခုဖြစ်တာ နဲ့ လက်နက်ကိုင်ပြီး အကြမ်းနည်းနဲ့ဖြေရှင်းမှ ရမယ်ဆိုတဲ့နည်းလမ်းကြီးက အခုထိ ရှိနေ သေးတယ်လို့ မြင်ပါတယ်။ ဒီကိစ္စဖြစ်လာတာ ကို ပြန်ကြည့်မယ်ဆိုရင် ခွင့်ပြုချက်ပေးထား ပြီးမှ ခွင့်ပြုချက်ကို အချိန်ကြာမြင့်စွာ ဆွဲထား ပြီးအနီးကပ်မှ ပြန်လည်ဖျက်သိမ်းတယ်ဆိုတာ က လူထုရဲ့စိတ်ဆန္ဒကိုထိခိုက်စေတယ်။ ဖြေ ရှင်းလို့ရမယ့် နည်းလမ်းတွေရှိရဲ့သားနဲ့ အား နည်းချက်ကြောင့် အခုလိုဖြစ်တာ”

Most Read

Most Recent