ကရင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲ ပုသိမ်နှင့်ထားဝယ်မြို့တွင် ပြုလုပ်ရန် ခွင့်ပြုချက်မရ

ကရင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲ ပုသိမ်နှင့်ထားဝယ်မြို့တွင် ပြုလုပ်ရန် ခွင့်ပြုချက်မရ
Published 18 January 2018

ကရင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုလူထုတွေ့ဆုံပွဲအား ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တို့တွင် ကျင်းပခွင့်မရကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် အကြိုလူထုတွေ့ဆုံပွဲ ကျင်းပရန် တိုင်းဒေသကြီးအစိုးရထံ ခွင့်ပြုချက်တောင်းခံရာတွင် မူလက ဝန်ကြီးချုပ်က ခွင့်ပြုထားသော်လည်း ဝန်ကြီးချုပ် မန်းဂျော်နီက ရာထူးတာဝန်မှ နုတ်ထွက်ပြီးနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ခွင့်ပြုထားမှုအား ပြန်လည်တားမြစ်ခဲ့ကြောင်း ကရင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသည့် ကရင်လူငယ်တစ်ဦးဖြစ်သူ စောထွန်းထွန်းက ပြောကြားသည်။

ထို့အတူ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ပြုလုပ်မည့် အကြိုလူထုတွေ့ဆုံ ပွဲကိုလည်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ခွင့်ပြုချက်မပေးကြောင်း သိရသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း အကြိုလူထုတွေ့ဆုံပွဲ ပြုလုပ်ခွင့်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမှ တစ်ဆင့် ခွင့်ပြုချက်ရရှိရေး ဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးတွင်လည်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် အကြိုလူထုတွေ့ဆုံပွဲ ကျင်းပရေး ဆွေးနွေးလျက်ရှိကြောင်း စောထွန်းထွန်းက ဆိုသည်။

“ကျွန်တော့်အနေနဲ့ကတော့ ဒါ နယ်လုံက တားတယ်ဆိုတာ တပ်ကနေပြီးတော့ သတ်မှတ်ချက် တစ်ခုခုရှိလာလို့ပေါ့။ တပ်က သတ်မှတ်ချက် ရှိလာတယ်။ ညွှန်ကြားချက် ရှိလာတဲ့အတွက် ဒါကဖြစ်လာတယ်။ ပုံမှန် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်နေတာတောင်မှ တပ်ဘက်က နားလည်မှုတွေက ပိုပြီးတော့မှ အကန့်အသတ် ရှိလာတယ်လို့မြင်တယ်။ နောက်တစ်ဖက်က ဒီအစီအစဉ်က လုပ်ကိုလုပ်ရမယ်။ ကရင်မှ မဟုတ်ဘူး။ တခြားတိုင်းရင်းသားတွေရော၊ တခြားလူမျိုးစုတွေရော လုပ်နေရမှာ။ ဒီလိုမျိုးလူထုတွေနဲ့ မတွေ့ဘဲနဲ့ အနှစ်သာရပြည့်ဝတဲ့ ငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးလေ”ဟု စောထွန်းထွန်းက ပြောကြားသည်။

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ က ကျင်းပခွင့်ရှိသော်လည်း NCA ရေးထိုးထားသည့် အဖွဲ့ဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ကျင်းပခွင့် မရရှိသေးသည့်အပြင် အကြိုလူထုတွေ့ဆုံပွဲများလည်း ပြုလုပ်ခွင့်မရှိပေ။

ထို့ပြင် NCA ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ရရှိသဖြင့် အကြိုဆွေးနွေးပွဲများ ပြုလုပ်ချိန်၌ အခက်အခဲများ ဖြစ်ပေါ်ခဲ့သောကြောင့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည့်ရက်အား ယာယီရွှေ့ဆိုင်းထားသည်။

ထို့အတူ NCA ရေးထိုးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့အနေဖြင့် အကြိုလူထုတွေ့ဆုံပွဲများ လိုက်လံပြုလုပ်ရာ မုံရွာမြို့နှင့် ပဲခူးမြို့များ၌ သက်ဆိုင်ရာက မေးမြန်းမှုများ ကြုံတွေ့ခဲ့ရပြီး ပုသိမ်တွင် ပြုလုပ်သည့် အကြိုလူထုတွေ့ဆုံပွဲတွင်မူ သက်ဆိုင်ရာက တားမြစ်သောကြောင့် ပြုလုပ်ခွင့် မရရှိခဲ့ပေ။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအပေါ် နှစ်ဖက်အဓိပ္ပာယ်ဖွင့်ဆိုချက် မတူသည့်အပြင် စိုးရိမ်ချက်များ ရှိခြင်း၊ အကျေအလည် ညှိနှိုင်းထားခြင်းမရှိသောကြောင့် လူထုတွေ့ဆုံပွဲများ တားမြစ်ခံရခြင်းဖြစ်ကြောင်း (Myanmar Institute for Peace and Security - MIPS) (မြန်မာပြည်ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအင်စတီကျု) အလုပ်အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောကြားထားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်အား အကောင်အထည်ဖော် ဆောင်ရွက်ပြီးမှသာ ဆက်လက်ပြုလုပ်မည်ဟု NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အရေးပေါ်အစည်းအဝေးအပြီး ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။

Most Read

Most Recent